Monday 14 October 2013

ချားလ်စ်ဒါဝင်





ရုပ်ဒြပ်ဆင့်ကဲပြောင်းလဲခြင်း ( Organic Evolution ) ဟာ သဘာဝရွေးချယ်ခြင်း ( Natural Selection ) ကြောင့်ဖြစ်ရတယ်လို့  စံတင်ပြောဆိုတဲ့ ချားလ်စ်ဒါဝင် ( Charles Darwin ) ကို အင်္ဂလန် ရှရူဗရီ ( Shrewsbury ) မှာ ( အေဗရာဟမ်လင်ကွန်းနဲ့ တစ်နေ့တည်း တစ်ရက်တည်း ) ၁၂ ဖေဖေါ်ဝါရီ ၁၈၀၉ ကမွေးဖွားပါတယ်။


အသက်တစ်ဆယ့်ခြောက်နှစ်ရောက်တော့ အီဒင်ဘာ့ တက္ကသိုလ် ( Edinburg University ) မှာ ဆေးပညာသင်ခဲ့တယ်။ ဒါပေမယ့် ဆေးပညာရော ခန္ဓာဗေဒ (Anatomy) ပညာပါ သိပ်ပျင်းစရာကောင်းတယ်လို့ ထင်တာနဲ့ ကိန်းဗရစ်ချ် ( Cambridge ) ကိုပြောင်းပြီး၊ ကျမ်းစာသင်ကြားဖို့ အားထုတ်ကြည့်တယ်။


ဒါပေမယ့် မြင်းစီးတယ် သေနတ်ပစ်တယ်ဆိုတာကို စာပေကျမ်းဂန် ထက်ပိုပြီးနှစ်သက်လို့ ပါမောက္ခတစ်ယောက်ကို အယုံသွင်းပြီး ဘီဂဲ (H.M.S.Beagle) သင်္ဘောနဲ့ ရှာဖွေရေးလမ်းခရီး ထွက်တာမှာ သူကသဘာဝပညာရှင် အဖြစ်နဲ့လိုက်ပါခွင့်ရအောင် ထောက်ခံခိုင်းပါတယ်။ သူ့အဖေက ဒါကိုမနှစ်သက်ပါ။ ဘာမှစွဲစွဲမြဲမြဲ မလုပ်ဖြစ်ပဲ ကလေကချေနေတာ အဆုံးသတ်တော့မှာမဟုတ်ဘူးလို့ ထင်သတဲ့။


ဒါပေမယ့် ကံအားလျော်စွာ ဖခင်ရဲ့ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒီရေလမ်းခရီးဟာ အနောက်တိုင်းသိပ္ပံမှာ သိပ်ပြီး အကျိူးရှိတဲ့ ခရီးဖြစ်ခဲ့တယ်။ ဘီဂဲသင်္ဘောပေါ်မှာလိုက်ပါပြီး ဒါဝင်ဟာ (၁၈၃၁ ) မှာ ခရီးထွက်ချိန်တုန်းက အသက်နှစ်ဆယ့်နှစ်ပဲ ရှိသေးတယ်။ အဲ့ဒီကစပြီး ငါးနှစ်တိုင်တိုင် တောင်အမေရိက ကမ်းခြေတွေကို ဝိုက်ပတ်ပြီး တအေးတဆေးသွားတော့ ပင်လယ်ထဲမှာ ထီးထီးရှိနေတဲ့ ဂယ်လက်ပဂို ကျွန်းတွေကိုတက်ရောက်ရှာဖွေခွင့်ရခဲ့သလို အိန္ဒိယသမုဒ္ဒရာ နဲ့ တောင်အတ္တလန်တစ်ကိုလဲ ဝင်ရောက်လေ့လာခဲ့ပါတယ်။


ဒီလိုပင်လယ်ခရီးရှည်ကြီးသွားတုန်းမှာ သဘာဝအံသြစရာတွေ အများကြီးကို ဒါဝင် တွေ့ခဲ့ရပါတယ်။ ရှေးကျကျန်ရစ်တဲ့ လူမျိူးစုတွေ ကိုလည်းတွေ့ခဲ့ရတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း တွေ့ခဲ့ရတယ်။ ဒါ့အပြင်အပင်အမျိူးမျိူး အကောင်အမျိူးမျိူးကိုလဲ လေ့လာခွင့်ရခဲ့ပါတယ်။ သူတွေ့မြင်သမျှကို အကျယ်တဝင့် စာအုပ်တွဲတွေ အများကြီးရတဲ့အထိ ရေးသားမှက်ယူခဲ့ပါတယ်။ အဲ့ဒီမှက်စုတွေသုံးပြီး အကြောင်းအမျိူးမျိူးကို နောင်အခါရေးပါတယ်။ အခြေခံစိတ်ကူးတွေကို ဒီမှက်စုတွေကရပါတယ်။ ဒီဆင့်ကဲပြောင်းလဲခြင်းသီအိုရီအတွက် သက်သေခံချက်တွေကို ဒီမှက်စုတွေကပဲ ရတာဖြစ်ပါတယ်။


  ဒါဝင်ဟာ(၁၈၃၆) မှာအိမ်ပြန်ရောက်တယ်။ နောင်အနှစ်နှစ်ဆယ်အတွင်းမှာ ကျမ်းစာအုပ်တွေအများကြီးရေးထုတ်နိုင်လို့ အင်္ဂလန်ရဲ့ခေါင်းဆောင် ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်လာပါတယ်။ အဲ့ဒီ (၁၈၃၇) လိုခပ်စောစောအချိန်ကတည်းကပဲ ဒါဝင်က သတ္တဝါတွေ အပင်တွေဟာ ဘယ်တော့မဆို ဒီပုံမျိူး တစ်ပုံတည်းက မပြောင်းမလဲ တည်မြဲနေတယ်လို့ မယူဆနိုင်ကြောင်း သိတယ်။ ဘူမိသမိုင်းမှာ တောင်ကချိူင့် မြေကနေရေဆိုသလို ပြောင်းတယ်။ ဒါကိုလိုက်ပြီး သတ္တဝါတွေလဲ ပြောင်းလဲမှာပဲပေါ့။ ဒါပေမယ့် အဲ့ဒီအခါက ဘာ့ကြောင့်ဒီလိုဆင့်ကဲ လိုက်ပြီးပြောင်းလဲလာပါတယ်လို့ မရှင်းပြတတ်ခဲ့ပါ။


နောင် (၁၈၃၈) လောက်မှာ သောမတ်စ်မေးလ်သပ်စ် ရေးတဲ့ လူဦးရေအခြေခံသဘောတရားအကြောင်းကို ဖတ်မိတယ်။ အဲ့ဒီအခါကျမှ မပျက်မစီး ဆက်လက်ရှင်သန်ဖို့ သဘာဝကရွေးချယ်ပေးတဲ့ အခြေခံသဘောတရားရှိတယ်လို့ ဒါဝင်သိရှိပြီး စနစ်တစ်ခုကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဒီလို သဘာဝကရွေးချယ်ခြင်း အခြေခံသဘောတရားကို ဒါဝင်ကပုံစံချတယ်ဆိုပေမယ့် သူအလျင်စလို ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ပါ။ လူတွေအများကြီးက ဝိုင်းပြီးကန့်ကွက်မယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ပြီးတော့ စနစ်တကျ တင်သွင်းဖို့ သူ့အဆိုကြမ်းကို စီစဉ်ထားပါတယ်။


သူ့ သီအိုရီအကျဉ်းချူပ်ကို (၁၈၄၂) ကပဲ ရေးသားပြီးစီးခဲ့တယ်။ နောက်အကျယ်ကိုတော့ (၁၈၄၄)မှာရေးတယ်။ ဒါဝင်ကသူ့ကျမ်းကို (၁၈၄၂) ဇွန်လထဲ ဖြည့်ဆဲ ပြင်ဆင်ဆဲပဲ အယ်ဖရက်ရပ်ဆဲဝေါလေ့စ် အမည်ရှိတဲ့ ဗြိတိသျှသဘာဝပညာရှင် ထံက ဆင့်ကဲဖြစ်စဉ်သီအိုရီ စာမူကြမ်းတစ်ခုဒါဝင့်ဆီရောက်လာပါတယ်။ အရေးကြီးတဲ့ အချက်အလက်တိုင်းမှာ ဝေါလေ့စ်နဲ့ဒါဝင်တူညီနေတယ်။


ဝေါလေ့စ်လဲ သူ့ဘာသာတစ်သီးတစ်ခြား ရှာဖွေတွေ့ရှိထားတာဖြစ်တယ်။ သူ့စာမူပုံမနှိပ်ခင် ဒါဝင့်ဆီပို့တဲ့သဘောက သိပ္ပံပညာရှင်ရယ်လို့ အများလေးစားတဲ့ ပုဂ္ဂိုလ်ဆီက ဝေဖန်ထင်မြင်ချက်ရယူလိုလို့ဖြစ်တယ်။ အဲ့ဒီမှာ ဒီသီအိုရီကို ဘယ်သူကစတွေ့သလဲဆိုတဲ့ ငြင်းခုံပွဲကြီးဖြစ်ရတော့မယ့် စိတ်ရှူပ်စရာအခြေအနေကို ရောက်နေပါပြီ။ သူကဒီလိုအဖြစ်မခံနိုင်ပါ။ ဒါဝင်ရဲ့အကျဉ်းချူပ်နဲ့ ဝေါလေ့စ်ရဲ့စာမူ နှစ်ခုစလုံးကိုပူးတွဲပြီး (၁၈၅၈) ဇူလိုင်မှာ သိပ္ပံအဖွဲ့ကြီးတစ်ခုဆီ ပို့လိုက်ပါတယ်။


    ထူးဆန်းတာက ဒီလိုသိပ္ပံအဖွဲ့ကြီးကို တင်ပြလိုက်ပေမယ့် ဘယ်သူကမှ အရေးတယူ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ပါ။ ဒါပေမယ့်  ဒါဝင်ရဲ့ မျိူးရိုးဗီဇ( The Origin of Species ) ကို (၁၈၅၉) မှာ ပုံနှိပ်တယ်ဆိုတာနဲ့ တစ်ခါတည်း ပွက်လောရိုက်လာပါတယ်။ အဖြစ်မှန်ကတော့ အရင်က ပေါ်ထွက်သမျှ ဘယ်သိပ္ပံ စာအုပ်ကိုမှ ဒီစာအုပ်လို သိပ္ပံသမားရော အပြင်လူတွေကပါ အရေးတယူဖတ်ပြီး အပြင်းအထန်ငြင်းခုံတယ်ရယ်လို့ မရှိခဲ့ပါ။





ဒါဝင်ရဲ့ (၁၈၇၁)မှာ လူဆင်းသက်လာပုံနှင့် အဖိုအမဆက်ဆံရေးမှာရွေးကောက်ပုံ စာအုပ်ထွက်လာတော့လည်း စောစောကငြင်းခုံခဲ့တဲ့အရှိန်ဟာ ကျန်နေပါသေးတယ်။ အဲ့ဒီနောက်စာအုပ်မှာ လူဟာ လူဝံ (Ape) လိုသတ္တဝါမျိူးက ဆင်းသက်ခဲ့တယ်ဆိုတာကို ဖတ်ကြရတဲ့အခါ စောစောကလောင်တဲ့မီးမှာ ဆီထပ်ထည့်လိုက်သလို ပွက်လောရိုက်သလို ငြင်းကြပြန်တယ်။


    ဒါဝင်ဟာ သူ့သီအိုရီနဲ့ ပါတ်သက်ပြီး ပရိတ်သတ်အစုံရှေ့မှာ အခြေအတင်ဟောပြောပွဲလုပ်ရင် ဘယ်တော့မှမပါဘူး။ ဘီဂဲနဲ့ ပင်လယ်သမုဒ္ဒရာ အဝေးအလံသွားခဲ့စဉ်က မကြာခဏဖျားနာခဲ့ရတယ်။ အဆိပ်ရှိတဲ့ပိုးကိုက်လို့ ရတဲ့ရောဂါဖြစ်တဲ့ ရှာဂါရောဂါဖြစ်ခဲ့ရတယ်။ အဲ့ဒါတွေစုပြီး ကျန်းမာရေးမကောင်း သိပ်ပြီးအပြင်ထွက်လေ့မရှိဘူး။ အဲ့ဒါအပြင် သူ့ဘက်က ဆင့်ကဲပြောင်းလဲပုံကို ကောင်းကောင်းရှေ့နေလိုက်နိုင်တဲ့ သောမတ်စ်အိပ်ချ်ဟပ်စလေ တစ်ယောက်ရထားလို့ လည်းဖြစ်တယ်။


သိပ္ပံပညာရှင် အများစုက ဒါဝင်သီအိုရီတွေ အခြေခံအရ မှန်ကန်တယ်လို့ သူကွယ်လွန်တဲ့ (၁၈၈၂) မှာ လက်ခံထားပြီးဖြစ်တယ်။ ဒါဝင်ဟာ မျိူးဗီဇနဲ့ ဆင့်ကဲပြောင်းလဲပုံကို သူကစတင်ဖေါ်ထုတ်သူမဟုတ်ပါ။ သူ့ရှေ့က လူတစ်ချိူ့မှာ ဒီလိုစိတ်ကူး ရှိနေပါပြီ။ ပြင်သစ်သဘာဝပညာရှင် ဇန်လာမတ်နဲ့ သူ့အဘိုး အီရာစ်မာ့စ်ဒါဝင် တို့လည်း ဒီသီအိုရီကို ကြံဆခဲ့ကြပါတယ်။


ဒါပေမယ့် သူတို့ရဲ့အဆိုကြမ်းတွေကို သိပ္ပံကမ္ဘာက လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ စတင်ဖေါ်ထုတ်သူတွေက စိတ်ချလက်ချ လက်ခံယုံကြည် သုံးစွဲလောက်တဲ့ ရှင်းလင်းချက် မပေးနိုင်ကြလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒါဝင်ရဲ့အစွမ်းက ဖြစ်ပွားပုံဆိုတဲ့ သဘာဝရွေးချယ်ခြင်းကို ပြောပြလိုက်တဲ့အခါကျမှ ဆင့်ကဲဖြစ်စဉ်ဆိုတာ ဒီလိုအဆင့်ဆင့်ဖြစ်ပွားပါပေတယ်လို့ သက်သေနဲ့တကွသိလာပြီး သူ့မူကြမ်းကို လက်ခံခဲ့ကြတာဖြစ်တယ်။


    ဒါဝင်သီအိုရီ နဲ့ပါတ်သက်ပြီး အထူးသတိပြုသင့်တဲ့အချက်ကတော့ သူ့သီအိုရီ ပုံစံချတော့ မျိူးရိုးပညာသီအိုရီကို သူမသိပါ။ ဒါဝင်တို့ခောတ်က မျိူးဆက်တစ်ခုရဲ့ အရည်အသွေးတစ်မျိူးကို နောက်တစ်ဆက်မှာ ဘယ်လိုအမွေပေးသလဲလို့ ဘယ်သူမှမသိပါ။ ဂရေဂိုမန်ဒဲလ်ဟာ အမွေဆက်ဥပဒေ (Laws of heredity) တွေကို ဒါဝင်ရဲ့စာအုပ်တွေ ထုတ်ဝေနေစဉ် အချိန်အတွင်းမှာပဲ ရေးသားခဲ့တယ်။


မန်ဒဲလ်ပြောသမျှဟာ ဒါဝင်ပြောတာတွေကို ဖြည့်စွက်ထောက်ပံနေတာဖြစ်ပေမယ့် ဒါဝင်ရဲ့သီအိုရီတွေကို လက်ခံအတည်ပြုနေပြီဖြစ်တဲ့ (၁၉၀၀) အချိန်အထိ မန်ဒဲလ်ကို ဘယ်သူမှဂရုမစိုက်ဘူး။ ခုတော့ခောတ်လူငယ်တွေ ကံကောင်းတယ်လို့ ဆိုရမှာက ဆင့်ကဲဖြစ်စဉ်လို့ပြောရင် မျိူးရိုးအမွေဆက်ဥပဒေနဲ့တွဲလိုက်တဲ့အခါ ဒါဝင်ပြောခဲ့တာထက် အများကြီးပြည့်စုံသွားတယ်။


    လူ့အတွေးအခေါ် ပုံစံမျိူးစုံမှာ ဒါဝင်ရဲ့သြဇာဟာ သိပ်ပြီးစူးရောက်တယ်။ သိပ္ပံသဘောထားသက်သက် ပြောရရင် သူ့ကြောင့် ဇီဝဗေဒဟာ အများကြီး ပြောင်းလဲ တိုးတက်ခဲ့ပါတယ်။ သဘာဝရွေးချယ်ခြင်းကို အများကြီးချဲ့ကားသုံးနိုင်တယ်လို့ သိလာကြပြီ။ ဥပမာ မနုဿဗေဒ၊ လူမူရေးပညာ၊ နိုင်ငံရေးသိပ္ပံ နဲ့ ဘောဂဗေဒတွေမှာသုံးပါတယ်။


    သိပ္ပံ လူမူရေးဆိုတာတွေမှာ အသုံးဝင်တာထက် ဒါဝင်ရဲ့ပညာဟာ ပိုပြီးထိရောက်တယ်လို့ ပြောရမယ့် ဘာသာရပ်ကတော့ ကိုးကွယ်ယုံကြည်မူ့ မှာဖြစ်ပါတယ်။ ဒါဝင်တို့ခောတ်နဲ့ နောက်နှစ်ပေါင်းများစွာမှာ ခရစ်ဝါဒကို သက်ဝင်ယုံကြည်သူတွေက ဒါဝင်ရဲ့သီအိုရီတွေကြောင့် ငါတို့သာသနာကြီး ဆုတ်ယုတ်ပျက်ပြားရတော့မယ်လို့ ယူဆတယ်။ သူတို့ ဒီလိုတွေးတာလည်း အပြစ်မဆိုသင့်ပါ။ တွေးသင့်ပါတယ်။ ဒါပေမယ့် ဘာသာတရားယုံကြည်စိတ်ဟာ တခြားအကြောင်းများစွာကြောင့်လည်း ကျဆင်းတာဖြစ်ပါတယ်။ ဒါဝင်ကိုယ်တိုင်ကလည်း ဘာသာတရား ယုံကြည်မူ့မရှိသူ ဖြစ်ပါတယ်။


    လောကီအကြောင်းသက်သက် ပြောရရင်လည်း ဒါဝင်သီအိုရီက လူတွေရဲ့ ကမ္ဘာပေါ်မှာထားတဲ့ သဘောထားကို အများကြီးပြောင်းစေတယ်။ အရင်က သဘာဝစီမံကိန်းမှာ လူက ထိပ်တန်းကပါဝင် လှူပ်ရှားနေကြရတယ်ဆိုတဲ့ အစွဲပျောက်ခဲ့ပြီ။ သတ္တဝါမျိူးပေါင်းများစွာမှာ ငါတို့လည်း တစ်စိတ်တစ်ပိုင်းပါပဲလား လို့သိလာကြပြီ။


တစ်နေ့နေ့မှာ တို့ထက်သာတဲ့သတ   ္တဝါ ပေါ်နိုင်တယ်လို့ သိလာကြပြီ။ ဒါဝင်ရဲ့ဆောင်ရွက်ချက်ရလဒ်ကတော့ ဟီရာကလိတပ်စ် ပြောခဲ့သလို ပြောင်းလဲခြင်းကလွဲလို့ ဘယ်အရာမှမတည်မြဲဘူး (There is nothing permanent except change)  ဆင့်ကဲဖြစ်စဉ်သီအိုရီက လူတို့ဗီဇကို ယေဘုယျရှင်းပြနိုင်သလို သိပ္ပံပညာဟာလည်း ရုပ်ဝတ္ထုဆိုင်ရာ ပြဿနာတွေကို ရှင်းနိုင်မယ်လို့ ခိုင်ခိုင်မြဲမြဲ တွေးထင်လာကြတယ်။


(မရှင်းနိုင်သေးတဲ့ လူ့ပြဿနာတွေ ရှိနေပါသေးတယ်) ဒါဝင်ပြောနေကြ ဘဝရပ်တည်ဖို့ ရုန်းကန်ဆဲနဲ့ အတော်ဆုံးသာ ကျန်ရစ်မယ်ဆိုတာတွေဟာ ကျွန်တော်တို့ နေ့စဉ်ပြောမြဲဝေါဟာရတွေ ဖြစ်လာပါတော့တယ်။ ကမ္ဘာမှာ လူသာမဓာနဆိုတဲ့ အမြင်လည်း ပြောင်းလဲသွားပါတော့တယ်။


(ဒေါက်တာသန်းထွန်း-ကျော်စွာ၁၀၀မှ)

1 comment:

  1. ဒီ post လေးကို စိတ်ဝင်စားတယ်။
    အနော်လည်း လာလည်သွားတယ်နော်

    နောက်နေ့မှာ လာမွှေဖတ်ဦးမယ်

    :)

    ReplyDelete