Friday 25 January 2019

ဘာ့‌ကြောင့် လူသားတွေ ကမ္ဘာကို လွမ်းမိုးရသလဲ



(မစ္စတာ ဟာရာရီဟာ အစ္စရေးလူမျိုး သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ဟီဗရူး ယူနီဗာစတီ သမိုင်းဌာနရဲ့ ပါမောက္ခ တစ်ဦးဖြစ်ပါတယ်။ သူရေးခဲ့တဲ့ Sapiens: A Brief History of Humankind (2014), Homo Deus: A Brief History of Tomorrow (2016) စာအုပ်တွေကိုဖတ်ဖို့ ဘေလ်ဂိတ်လို အိုဗားမားလို ကမ္ဘာကျော်တွေက တိုက်တွန်းခဲ့ကြတယ်)


လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်သောင်းလောက်တုန်းက ကျနော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေဟာ ဘာမှစွမ်းဆောင်ရည် သိပ်မရှိသေးတဲ့ တိရိစ္ဆာန်သာသာ သတ္တဝါတွေပါ။ သမိုင်းမတိုင်ခင်ခောတ်က လူသားဆိုတာ ပင်လယ်ရေခူတွေ၊ ပိုးစုန်းကြူးတွေ၊ သစ်တောက်ငှက်တွေထက် ပိုပြီးအရေးမပါလှပါဘူး။ဒီနေ့ဒီအချိန်မှာတော့ ကျနော်တို့ဟာ ကမ္ဘာကြီးကို ထိန်းချူပ်ထားပါတယ်။


မေးစရာတစ်ခုရှိတာက ကျနော်တို့ အဲ့ဒီဘဝကနေ လက်ရှိအခြေအနေထိရောက်အောင် ဘယ်လိုပြောင်းလဲလာခဲ့တာလဲ? အာဖရိကရဲ့ ထောင့်တစ်နေရာက ကိုယ့်အသိုင်းအဝိုင်းလေးထဲမှာ မထင်မရှားနေ နေကြတဲ့  မျောက်ဝံသာသာ ဘဝကနေ ကမ္ဘာကြီးကို စိုးမိုးတဲ့အထိ ဘယ်လို ပြောင်းလဲလာကြသလဲ?


ပုံမှန်အားဖြင့်တော့ ကျနော်တို့ဟာ တိရိစ္ဆာန်တွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာကို တစ်ဦးချင်း နိုင်းယဉ်ကြည့်လေ့ရှိတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ခန္ဓာကိုယ်၊ ဦးနောက် တွေက ခွေးတွေ၊ ဝက်တွေ၊ ချင်ပန်ဇီတွေထက် သာတယ်လို့ ယုံကြည်ချင်ကြတယ်။ အမှန်တရားကတော့ တစ်ဦးချင်းအနေနဲ့ ကျနော်တို့ဟာ ချင်ပန်ဇီတွေထက် ဘာမှ သာမနေပါဘူး။ ကျနော်နဲ့ ချင်ပန်ဇီတစ်ကောင်ကို ကျွန်းတစ်ကျွန်းထဲမှာ ပစ်ထားကြည့်လိုက်ပါ။ ကျနော်တို့ဟာ ရှင်သန်နေထိုင်ဖို့ ရုန်းကန်ကြရတော့မယ်ဆိုရင် ဘယ်သူက ပိုသာမယ်ထင်သလဲ?


အလောင်းအစားလုပ်ကြကြေးဆို ချင်ပန်ဇီဘက်ကပဲ ကျနော်လောင်းမှာပေါ့၊ ဒါဟာ ကိုယ့်ကိုယ်ကို အထင်သေးလို့ မဟုတ်ဘူး။ ခင်ဗျားတို့ထဲက ဘယ်သူမဆို စမ်းကြည့်လဲ ချင်ပန်ဇီက ပိုသာမှာပါပဲ။ လူနဲတိရိစ္ဆာန်တွေကြားမှာ အဓိကကွာခြားချက်က တစ်ဦးချင်းစွမ်းရည်နဲ့ မဆိုင်ပါဘူး။ စုပေါင်းစွမ်းရည်ကသာ ကွာခြားသွားတာပါ။ လူတွေ ကမ္ဘာကြီးကို ဘာလို့ စိုးမိုးနိုင်သလဲဆိုတော့ အရေအတွက်များများနဲ့ လိုက်လျှောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်တာ လူဆိုတဲ့ သတ္တဝါ တစ်မျိုးထဲရှိလို့ပါပဲ။


တစ်ခြားသတ္တဝါတွေဘက်ကို ကြည့်ရအောင်။ အစုအဖွဲ့နဲ့ နေထိုင်တဲ့ ပျားလို၊ ပုရွက်ဆိတ်လို အစုအဝေးနဲ့ နေထိုင်လေ့ရှိတဲ့ တိရိစ္ဆာန်တွေမှာ အရေးအတွက် များများ ပူးပေါင်းဆောင်ရွက်နိုင်ပေမယ့် လိုက်လျောညီထွေအောင်တော့ မလုပ်တတ်ကြဘူး။ သူတို့ရဲ့ ဖွဲ့စည်းပုံဟာ အရမ်းတိကျတယ်။ ပျားတွေမှာ ပျားအုံတစ်ခုဖွဲ့ဖို့ဆို နည်းတစ်မျိုးပဲရှိတယ်။


အခွင့်အလမ်းပေါ်ခဲ့လို့ပဲဖြစ်ဖြစ် တစ်စုံတစ်ခု အန္တရာယ်ကျရောက်ခဲ့လို့ပဲဖြစ်ဖြစ် ပျားတွေဟာ ပျားအုံဆောက်နည်း အသစ်တစ်ခု တီထွင်ဖို့ မလုပ်နိုင်ကြဘူး။ ဥပမာ ပျားဘုရင်မကို လုပ်ကြံလိုက်မယ်၊ ပျားသမ္မတနိုင်ငံ ထူထောင်ကြမယ်၊ ပျားလုပ်သားများ ကွန်မြူနစ်ပါတီ ထောင်ကြမယ် ဒါမျိုးတွေ မလုပ်နိုင်ကြဘူး။


တစ်ခြား နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဝံပုလွေ၊ ဆင်၊ လင်းပိုင် နဲ့ ချင်ပန်ဇီတို့ကို ကြည့်ရအောင်။ သူတို့ဟာ ပျားတွေထက် ပိုပြီး လိုက်လျောညီထွေ ပေါင်းသင်းနိုင်ကြတယ်။ ဒါပေမယ့် သူတို့ဟာ အရေအတွက် နည်းနည်း ကိုပဲ ပေါင်းသင်းနိုင်ကြတယ်။ ချင်ပန်ဇီတွေ တစ်ကောင်နဲ့ တစ်ကောင်အကြားမှာဆိုရင် သူတို့အချင်းချင်း ရင်းနှီးမှ ပေါင်းသင်းကြတယ်။


"ငါကချင်ပန်ဇီ မင်းကလဲချင်ပန်ဇီ ငါမင်းနဲ့တူတူ ပေါင်းသင်းနေထိုင်ချင်တယ် မင်းအကြောင်းကို ငါသိရမှဖြစ်မယ် မင်းက ဘယ်လိုချင်ပန်ဇီမျိုးလဲ ? မင်းက ချင်ပန်ဇီကောင်း တစ်ကောင်လား ခပ်ဆိုးဆိုးထဲကလား? မင်းကယုံကြည်ရမဲ့ကောင်လား? မင်းကို ငါမသိရင်

ဘယ်လို ပေါင်းသင်းနေထိုင်ရမလဲ ? " ဒီလိုတွေးလေ့ရှိတယ်။


ဒီလို အရေအတွက်များများနဲ့ လိုက်လျှောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်တာ Homo Sapiens လို့ခေါ်တဲ့ လူတစ်မျိုးပဲရှိပါတယ်။ တစ်ကောင်ချင်းပဲ ဖြစ်ဖြစ် ဆယ်ကောင်ချင်းပဲဖြစ်ဖြစ် ချင်ပန်ဇီတွေက လူထက်ပိုသာနိုင်ကောင်း သာနိုင်ပါတယ်။ လူတစ်ထောင်နဲ့ ချင်ပန်ဇီ တစ်ထောင်စီ ယဉ်လာရင်တော့ လူတွေက အသာလေးအနိုင်ယူနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ချင်ပန်ဇီ တစ်ထောင်ဟာ တူတူ ပူူးပေါင်းမဆောင်ရွက် နိုင်ပါဘူး။


အခု ချင်ပန်ဇီ တစ်သိန်း ကို အောက်စဖို့ဒ် လမ်းပေါ်မှာဖြစ်ဖြစ်၊ ဝင်ဘလေကွင်းမှာဖြစ်ဖြစ်၊ ဗာတီကန်မာပဲဖြစ်ဖြစ် ပစ်ထားကြည့်လိုက်ပါ။ တစ်ကယ့် ကို ဗရုသုက္ခ တော်တော်နိုင်မှာပါ။ စဉ်းစားကြည့်စမ်းပါ ဝင်ဘလေကွင်းထဲမှာ ချင်ပန်ဇီ တစ်သိန်းဆိုတာကို ။ ရူးသွားပါလိမ့်မယ်။


တစ်ခြားဘက်မှာတော့ လူတွေဟာ လူသောင်းနဲ့ချီပြီး အလွယ်တကူ စုဝေးနိုင်ကြတယ်။ ဘယ်တော့မှ ရုပ်ရုပ်ထွေးထွေးဖြစ်မသွားဘူး။ ကျနော်တို့ဟာ ပူးပေါင်းဆောင်ရွက်မှူ့ အလေ့အထကို ကျင့်သားရပြီးသားပါ။

သမိုင်းတစ်လျောက် လူသားတွေ အောင်မြင်မှု့ က ပိရမစ်ကြီးတွေ ဆောက်နိုင်တာ၊ လကမ္ဘာပေါ် သွားနိုင်တာ တွေပါ။ ဒါတွေက တစ်ဦးကောင်း တစ်ယောက်ကောင်းကြောင့် မဟုတ်ပါဘူး။ အရေအတွက်များများနဲ့ လိုက်လျှောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း အကျိုးကြောင့်ပဲ ဖြစ်ပါတယ်။


 အခုကျနော် စကားပြောနေတဲ့ပွဲကိုပဲ စဉ်းစားကြည့်ကြပါ။ အခုနားထောင်နေတဲ့သူ ၃၀၀ကျော် ၄၀၀ကျော် ရှေ့မှာ ကျနော်စကားပြောနေတယ်။ ခင်ဗျားတို့အားလုံး ကျနော်နဲ့သိခဲ့ဘူးတဲ့လူ တစ်ယောက်မှ မပါပါဘူး။

အဲ့လိုပဲ ဒီပွဲစီစဉ်သူတွေ အလုပ်သမားတွေကို လဲ တစ်ယောက်မှ မသိခဲ့ပါဘူး။


ကျနော်ဒီလန်ဒန်ကို အလာ စီးခဲ့တဲ့ လေယာဉ်မှူး နဲ့ လေယာဉ် ဝန်ထမ်းတွေကိုလဲ တစ်ယောက်မှ မသိခဲ့ဘူး။ ကျနော်အခု စကားပြောနေတဲ့ မိုက်ခရိုဖုန်း ကင်မရာတွေတီထွင်ခဲ့တဲ့ သူတွေကိုလဲ မသိခဲ့ဘူး။ ဒီပွဲမှာ ပြောဖို့ ဖတ်ခဲ့တဲ့ စာအုပ်တွေ ရေးခဲ့သူတွေကိုလဲ မသိခဲ့ဘူး။ သေချာတာက အခုပွဲကို အင်တာနက်ကကြည့်နေတဲ့သူတွေကိုလဲ ကျနော်မသိပါဘူး။


ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်မသိကြပေမယ့်၊ အခုလိုအတွေးအခေါ်တွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မျှဝေ နိုင်ကြတယ်။ ဒါတွေဟာ ချင်ပန်ဇီတွေ မလုပ်နိုင်တဲ့ အရာပဲ။  ဟုတ်ပါတယ် သူတို့ အချင်းချင်း ဆက်သွယ်မှု့ ဆိုတာရှိကြတယ်။ ဒါပေမယ့် ချင်ပန်ဇီတစ်ကောင်က တစ်ခြားချင်ပန်ဇီအုပ်စုတစ်စုဆီသွားပြီး ငှက်ပျောသီးအကြောင်း၊ ဒါမှမဟုတ် ဆင်အကြောင်း ဟောပြောဖို့ဆိုတာ ဘယ်တော့မှာဖြစ်လာမှာမဟုတ်ဘူး။


ပူူးပေါင်းဆောင်ရွက်ခြင်းဆိုတာ အမြဲ ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ လူသားတွေသမိုင်းတစ်လျောက်မှာ ဆိုးဆိုးဝါးဝါး လုပ်ခဲ့ကြတဲ့ ကြီးကြီးမားမား အမှားတွေကလဲ ဒီလိုပူးပေါင်းဆောင်ရွက်မှူ့ကနေ စခဲ့တာပါပဲ။ ထောင်တွေ၊ လူသတ်စင်တွေ၊ အကျဉ်းစခန်းတွေဆိုတာ အဲ့ဒီကနေ  ဖြစ်လာတာပါ။  ချင်ပန်ဇီတွေမှာတော့ ထောင်တွေ၊ လူသတ်စင်တွေ၊ အကျဉ်းစခန်းတွေဆိုတာ မရှိကြဘူး။


ကောင်းတဲ့ဘက်ကပြန်ကြည့်ရင် အခုလို ကျနော်တို့ ကမ္ဘာကြီးကို စိုးမိုးနိုင်တာဟာ အရေအတွက်များများနဲ့ လိုက်လျှောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်လို့ပါပဲ။ ဒါဆိုရင် နားထောင်နေတဲ့သူတွေစိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်နိုင်တာက  "ငါတို့ဘာလို့ ဒီလောက်တိတိကျျကျ လုပ်နိုင်ကြသလဲ?

 ဒီလို ပူးပေါင်းဆောင်ရွက်နိုင်အောင် ဘာတွေက တွန်းအားပေးခဲ့တာလဲ?"


 အဖြေကတော့ ကျနော်တို့ရဲ့ စိတ်ကူးညဏ်ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ မရေတွက်နိုင်တဲ့လူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်။ ဘာလို့လဲဆိုတော့ လူဆိုတဲ့ သတ္တဝါတစ်ခုပဲ စိတ်ကူးယဉ်ဇတ်လမ်းတွေ တီထွင်ပြိး ယုံကြည်နိုင်ကြလို့ပါပဲ။ လူတွေအားလုံး ဒီလို ထွင်လုံးတွေကို ယုံကြည်နေသမျှ၊ လူတွေအားလုံး ဒီဥပဒေတွေ၊ စံသက်မှက်ချက်တွေကို နာခံကြပြီး လိုက်နာကြမှာပဲ။


ကျန်တဲ့ သတ္တဝါတွေကတော့ အရှိတရားကိုပဲလက်ခံကြပြီး တစ်ကောင်နဲ့တစ်ကောင် အဆက်အသွယ်ပြုကြတယ်။ ချင်ပန်ဇီတစ်ကောင်က  " ကြည့်စမ်း ဟိုမှာ ခြင်္သေ့တစ်ကောင် ပြေးကြစို့"

" ကြည့်စမ်း ဟိုမှာ ငှက်ပျော်ပင်တွေ သွားစားကြစို့"လို့ မြင်တာကိုပဲ ပြောနိုင်တယ်။


လူတွေအနေနဲ့ကတော့ ဘာသာစကားကို အဲ့လိုအသုံးပြုတယ်ဆိုတာနည်းတယ်။ များသောအားဖြင့် ဇတ်လမ်းတွေထွင်ပြိးပြောတတ် ကြတယ်။  ဥပမာ "ကြည့်စမ်း တိမ်တွေအထက်မှာ ဘုရားရှိတယ်၊ မင်းငါပြောတာမလုပ်ဘူးဆိုရင် မင်းသေတဲ့အခါ ဘုရားက ငရဲကိုပို့ပြီး အပစ်ပေးလိမ့်မယ်"


အားလုံးကအဲ့ဒီပုံပြင်ကို ယုံကြည်တယ်ဆိုရင် စံသက်မှက်ချက်၊ ဥပဒေ၊ လူ့တန်ဘိုးတွေ ဖြစ်သွားပြီး လူတွေအားလုံးက လိုက်နာကြရလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်။ ဒါဟာ လူသားမျိုးနွယ်တစ်ခု တည်းပဲလုပ်နိုင်တာပါ။


ခင်ဗျားတို့ ဘယ်တော့မှ ချင်ပန်ဇီတစ်ကောင်ကို "မင်းငှက်ပျောသီးငါ့ကိုပေး၊ ဒီလို ပေးရတဲ့အကျိုးအတွက် မင်းသေတဲ့အခါ နတ်ပြည်ရောက်လိမ့်မယ် အဲ့ဒီနတ်ပြည်မှာ ငှက်ပျောသီးတွေ မင်းအများကြီးစားရလိမ့်မယ် " လို့ သိမ်းသွင်းလို့မရဘူး။ ဘယ်ချင်ပန်ဇီကမှ အဲ့လိုပုံပြင်မျိုး ယုံမှာမဟုတ်ဘူး။ ဒါမျိုးကို လူသားတွေပဲ ယုံကြတယ်။ ဒါကြောင့်လဲ လူသားတွေ ကမ္ဘာကြိးကို စိုးမိုးနေပြီး ချင်ပန်ဇီတွေကတော့ တိရိစ္ဆာန်ရုံတွေမှာ ဓါတ်ခွဲခန်းတွေမှာ ထိမ်းသိမ်းခံနေရတာဖြစ်တယ်။


လူသားတွေဟာ ဘာသာတရားတစ်ခုမှာ အတူတကွယုံကြည်ကြပြီဆိုရင် လူတွေသိန်းသန်းချီ စုဝေးလာပြီး ဘုရားကျောင်းတွေ ဆောက်ကြမယ်၊ ဗလီတွေ ဆောက်ကြမယ်၊ ဘာသာရေးစစ်ပွဲတွေဖြစ်ကြမယ်၊ ဘာလို့လဲဆိုတော့ ဘုရားတွေ၊ ငရဲတွေ၊ နတ်ပြည်တွေ ကိုတစ်စုတစ်ဝေးတည်း ယုံကြည်ကြပြီး အဲ့ဒီဘာသာရေးတိုးပွားအောင်လို့ လုပ်ဆောင်ကြတာဖြစ်တယ်။


ဒီနေရာမှာ အထူးပြောချင်တာက ဒီလိုပုံစံမျိုး အတူတူတွေကို ဘာသာတရားတင်မကတော့ပဲ တစ်ခြား စနစ်တွေမှာပါ ထည့်သွင်းလာတယ်။ ဥပဒေဘက်ကိုကြည့်မလား ? အခုရှိသမျှ ဥပဒေတော်တော်များများဟာ လူ့အခွင့်အရေးကို အခြေခံထားတယ်။ လူ့အခွင့်အရေးဆိုတာဘာလဲ? လူ့အခွင့်အရေးဆိုတာလဲ ဘုရားတွေ ငရဲတွေလိုပဲ လူတွေက ဖန်တီးထားတာဖြစ်တယ်။ သူတို့ကို မမြင်တွေ့နိုင်ဘူး။ သူတို့ကြောင့် လူသားမျိုးနွယ်တွေရဲ့ ဇီဝဖွဲ့စည်းပုံ ပြောင်းလဲခဲ့တာမဟုတ်ဘူး။


လူတစ်ယောက်ကိုယူ၊ သူ့ရင်ကိုခွဲကြည့်လိုက်၊ နှလုံးတွေ၊ အသည်းတွေ၊ နူရွန်တွေ၊ DNA တွေကို တွေ့ရမယ်။ ဒါပေမယ့် ဘယ်လူ့အခွင့်အရေးမှ တွေ့ရမှာမဟုတ်ဘူး။ လူ့အခွင့်အရေးဆိုတာ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်း လူတွေတီထွင်ထားပြီး တစ်ကမ္ဘာလုံးကို ဖြန့်ဝေထားတဲ့ ပုံပြင်တွေထဲမှာပဲ ရှိပါတယ်။ တစ်ချို့ ပုံပြင်တွေက ရည်ရွယ်ချက်ကောင်းချင်ကောင်းလိမ့်မယ်၊ ဒါပေမယ့် လူတွေဖန်တီးထားတဲ့ ပုံပြင်တစ်ခုပါပဲ။


နိုင်ငံရေးဘက်ကိုကြည့်ရအောင်၊ လက်ရှိနိုင်ငံရေးမှာ လူတွေတီထွင်ထားတဲ့ အရေးကြီးဆုံးအချက်က တိုင်းပြည်တွေ နိုင်ငံတွေပါ။ တိုင်းပြည်တွေ နိုင်ငံတွေဆိုတာဘာလဲ ပြန်စဉ်းစားကြည့်ရအောင်။

သူတို့ဟာ တကယ်တော့ လက်ဆုပ်လက်ကိုင်ပြလို့မရပါဘူး။ လူတွေတီထွင်ထားတဲ့ စိတ်ကူးသက်သက်ပါ။ နောက်တော့ ပြင်းပြင်းထန်ထန် ယုံကြည်စွဲလန်းသွားတဲ့အထဲမှာ တိုင်းပြည် နိုင်ငံဆိုတာလဲပါတယ်။


စီးပွားရေးဘက်မှာရော၊ အခုစီးပွားရေးမှာ အဓိကကျတာက ကုမ္မဏီတွေ လုပ်ငန်းတွေပါ။ ခင်ဗျားတို့တော်တော်များများ Googleလို Mc Donaldလို Toyota လို ကုမ္မဏီတွေမှာ အလုပ်လုပ်ကြမှာပဲ။ ဒီဟာတွေက ဘာတွေလဲ? ရှေ့နေတွေခေါ်ကြတာတော့ တရားဝင်  ထွင်လုံးတွေပါတဲ့။

ဒီလို  ကုမ္မဏီတွေ လုပ်ငန်းတွေဟာ လက်ဆိုင်လက်ကိုင်ပြလို့မရပါဘူး။

သူတို့ဟာ ထွင်လုံးတွေ ဖန်တီးကြတယ်၊ ပြီးတော့ ရှေ့နေဆိုတဲ့ မှော်ဆရာလိုလို အကောင်တွေကြောင့် လူတွေကို အစဉ်အဆက် ယုံကြည်စေတယ်။


ဒီနေ့မှာ ကုမ္မဏီတွေ လုပ်ငန်းတွေဟာ ဘာတွေလုပ်နေကြလဲသိလား? သူတို့ ပိုက်ဆံရှာနေကြတာ။ ပိုက်ဆံဆိုတာဘာလဲ? လာပြန်ပါပြီ၊ ပိုက်ဆံဆိုတာတကယ်တော့ စိတ်ကူးယဉ်ဇတ်လမ်းသက်သက်ပါ။ ဒီပိုက်ဆံဆိုတဲ့ စက္ကူတစ်ရွက်ကိုယူပြီး ကြည့်လိုက်စမ်းပါ၊ သူ့မှာဘာတန်ဘိုးမှ မရှိသေးပါဘူး။ ဒါကို ခင်ဗျားတို့ စားလို့ မရဘူး၊ သောက်လို့လဲမရဘူး၊ ကိုယ်ပေါ်မှာ ဆင်လို့လဲမရဘူး။ ဒီနေရာမှာ ပုံပြောကောင်းတဲ့ ဆရာကြီးတွေဝင်ပါလာပြီ။


ဘဏ်လုပ်ငန်းကြီးတွေ၊ ဘဏ္ဏာရေးဝန်ကြီးတွေ နဲ့ ဝန်ကြီးချုပ်တွေဟာ ပုံပြင်တစ်ပုဒ်နဲ့ စပြီး နှစ်သိမ့်ပါတော့မယ်။ "ဒီစက္ကူကို ကြည့်စမ်း ဒီစက္ကူက ငှက်ပျောသီး ဆယ်လုံးနဲ့ညီတယ်" ။ ဒါကို ကျနော်ကယုံတယ်၊ ခင်ဗျားတို့ကလဲယုံတယ် လူတွေအားလုံးကယုံတယ်ဆိုရင် အလုပ်ဖြစ်ပါပြီ။ ဘာမှအသုံးမဝင်တဲ့ ဒီစက္ကူကိုယူပြီး ဈေးဆိုင်ကိုသွား၊ တခါမှမမြင်ဘူးတဲ့ ဈေးသည်ဆီမှာ ငှက်ပျောသီးဆယ်လုံးနဲ့လဲ၊ ခင်ဗျားတို့ တစ်ကယ်စားလို့ရပါပြီ။ ဒါဟာ တစ်ကယ်တော့ တော်တော်အံသြစရာ ကောင်းပါတယ်။


ဒါကို ချင်ပန်ဇီတွေ မလုပ်နိုင်ဘူး။ ချင်ပန်ဇီတွေလဲ ကုန်စည်ဖလှယ်ကြတာပါပဲ။ "မင်းငါ့ကို ငှက်ပျောသီးပေးရင် ငါမင်းကို အုန်းသီးပေးမယ်" ဒီလောက်ပဲရမယ်။ ချင်ပန်ဇီတစ်ကောင်ကို  စက္ကူတစ်ရွက်ပေးပြီး ငှက်ပျော်သီးလိုချင်လို့ကတော့ ဘယ်ရမလဲ "လဲသေလိုက်လေ ငါ့များ လူတွေလို

"အ"တယ် ထင်နေသလား" လို့ပြောမှာပေါ့။


ပိုက်ဆံဆိုတာ လူတွေ ဖန်တီးသမျှပုံပြင်တွေထဲမှာ အအောင်မြင်ဆုံးဖြစ်ပါတယ်။ လူတွေဖန်တီးခဲ့တဲ့ ပုံပြင်တွေထဲမှာ ဘုရားတို့၊ အမျိုးသားရေးတို့၊ လူ့အခွင့်အရေးတို့ဆိုတာ လူတိုင်းက ယုံကြည်မနေပါဘူး။ လူတိုင်းက ပိုက်ဆံဆိုတဲ့ ပုံပြင်မှာတော့ အကုန်ယုံကြည်ကြတယ်။ အိုဆာမာ ဘင်လာဒင်ကိုကြည့်ပါ၊ သူက အမေရိကန် နိုင်ငံရေးစနစ်၊ ဘာသာရေးစနစ်၊ ယဉ်ကျေးမူ့တွေကို အကုန်မုန်းပါတယ်။ အမေရိကန် ဒေါ်လာကိုတော့ သူကြိုက်ပါတယ်။ ကြိုက်တာမှ တော်တော်ကို ကြိုက်တာပါ။


ဒီကနေ အဖြေထုတ်ရရင်၊ လူတွေဘာလို့ ကမ္ဘာကြီးကို လွမ်းမိုးနေလဲဆိုတော့၊ ကျနော်တို့ဟာ စိတ်ကူးယဉ် ကမ္ဘာရော၊ လက်တွေ့ကမ္ဘာ နှစ်ခုကို ပြိုင်တူနေနိုင်လို့ပဲ ဖြစ်ပါတယ်။ တစ်ခြားသတ္တဝါတွေကတော့ လက်တွေ့ဆန်တဲ့ ကမ္ဘာမှာပဲ နေထိုင်ကြတယ်။ သူတို့ရဲ့ ကမ္ဘာဆိုတာ မျက်စိနဲ့ မြင်ရတဲ့ မြစ်တွေ၊ တောင်တွေ၊ သစ်ပင်တွေ၊ ခြင်္သေ့တွေနဲ့ ဆင်တွေ လိုအရာတွေမှာ ဖြစ်တည်ပါတယ်။ လူတွေလဲ အတူတူပါပဲ အဲ့လို လက်တွေ့ကမ္ဘာမှာ နေထိုင်ရင်း နောက်ထပ် စိတ်ကူးယဉ် ကမ္ဘာတစ်ခု ဖြေးဖြေးချင်း တည်ဆောက်လာခဲ့တယ်။


နိုင်ငံတွေ၊ ဘုရားတွေ၊ ပိုက်ဆံတွေ၊ ကုမ္မဏီတွေ နဲ့ လုပ်ငန်းတွေလိုမျိုး တစ်ဖြေးဖြေးချင်း ဖန်တီးလာကြတယ်။ အံသြစရာကောင်းတာက ဒီလို ဖန်တီးထားတဲ့အရာတွေက လက်တွေ့ကမ္ဘာ ထက်ပိုပြီး စွမ်းရည်တန်ခိုးပိုမြင့်လာတယ်။ ဒီနေ့ကမ္ဘာကြီးမှာ လူတွေအတွက် တန်ခိုးကြီးတဲ့ အရာက လူတွေဖန်တီးထားတဲ့ ဇတ်လမ်းတွေပဲ ဖြစ်နေပြန်ပါတယ်။ လက်တွေ့ကမ္ဘာဖြစ်တဲ့ မြစ်တွေ၊ တောအုပ်တွေ၊ တောင်တွေ သတ္တဝါတွေရဲ့ အနာဂါတ်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ်ကမ္ဘာက ဆုံးဖြတ်ချက် တွေဖြစ်တဲ့ အမေရိကန်နိုင်ငံလို ၊ ကမ္ဘာ့ဘဏ်လို ဟာတွေအပေါ် အများကြီး  မူတည်နေပါတယ်။ ကျေးဇူးတင်ပါတယ်။


Lin Nanda Tun

26 Jan 2019


https://www.youtube.com/watch?v=nzj7Wg4DAbs






Thursday 10 January 2019

သံစဉ်များ၏နောက်ကွယ်








this the real life?
Is this just fantasy?
Caught in a landslide
No escape from reality
Open your eyes
Look up to the skies and see
I'm just a poor boy, I need no sympathy
Because I'm easy come, easy go
A little high, little low
Anyway the wind blows, doesn't really matter to me, to me


British Rock အဖွဲ့ Queenရဲ့  ပင်တိုင်အဆိုတော် ဖရက်ဒီမာကျူရီဟာ Bohemian Rhapsody ဆိုတဲ့ သီချင်းကို စတင်ရေးသားခဲ့တုန်းက country သီချင်းတစ်ပုဒ်အဖြစ်ရေးခဲ့တာပါ။ သီချင်းခေါင်းစဉ်ကလဲ Real Life ပါတဲ့။

ကံကောင်းချင်တော့ အပေါ်ကစာသားတွေဟာ Cowboy သီချင်းအဖြစ်နဲ့အဆုံးသတ်မသွားဘဲ ကြီးကျယ်ခမ်းနားတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။အခုဆိုရင် ဒီသီချင်းဟာ နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပြီး ခုထိကျော်ကြား နေတုန်းပါပဲ။


ဒီသီချင်းဟာ သာမန်သီချင်းတစ်ပုဒ်လို Verse,Chorus, Bridge နဲ့ ပြီးမသွားပါဘူး။

ဂီတအမျိုးအစား တစ်ခုတည်းရေးစပ်ထားတာမဟုတ်ဘဲ A cappella, Ballad, Opera, Progressive Rock, Hard Rock တို့လို ဂီတအမျိုးအစားအများကြီးကို တစ်ပေါင်းတည်းရေးစပ်ထားတာပါ။ Bohemian Rhapsody သီချင်းကို ပထမဆုံး စနားထောင်တဲ့ သူတစ်ယောက်အတွက် တစ်ခြားသီချင်းတွေနဲ့ သိသိသာသာ ကွဲထွက်နေမှန်း သိသာပါတယ်။


”Mama, just killed a man
Put a gun against his head, pulled my trigger, now he's dead
Mama, life had just begun
But now I've gone and thrown it all away”


ဖရက်ဒီဟာ ဒီသီချင်းရဲ့အဓိပ္ပါယ်ကို ဘယ်သူ့မှ ပြောပြမသွားခဲ့ဘူး။

ဖရက်ဒီရဲ့ အထ္တုပတ္တိရေးတဲ့ လက်စလီ အန်းဂျုန်းကတော့ ဒီစာသားတွေဟာ လူတစ်ယောက်ကို သတ်မိတဲ့ လူငယ်လေးတစ်ယောက် အကြောင်း ရေးထားတာ မဟုတ်ဘဲ ဖရက်ဒီတစ်ယောက် ယောင်္ကျားလေးဘဝကို အဆုံးသတ်ပြီး ဂေးတစ်ယောက်အဖြစ်ရှင်သန်တော့မယ်လို့ ဆုံးဖြတ်ချက်ချမိတဲ့အကြောင်း ရေးထားတာလို့ ယူဆတယ်။


”Mama, ooh, didn't mean to make you cry
If I'm not back again this time tomorrow
Carry on, carry on as if nothing really matters”


အပေါ်က Mama ဆိုတာ သူ့အမေကိုဆိုလိုတာ မဟုတ်ပဲ ၇နှစ်လောက် လက်တွဲခဲ့တဲ့ သူ့ရဲ့အချစ်ဆုံးသူ မေရီအော်စတင်ကို ဆိုလိုတာပါတဲ့။ မေရီနဲ့ပါတ်သတ်ပြီး Love of my life, Take my breath away တို့လို သီချင်းတွေလဲ ရေးစပ်ခဲ့ပါသေးတယ်။


  ဖရက်ဒီနဲ့ သူ့ချစ်သူ မေရီအော်စတင်ဟာ အချိန်အကြာကြီး တွဲခဲ့ပြီးမှ ဖရက်ဒီတစ်ယောက် Elektra Records ကလူတစ်ယောက်နဲ့ လိင်တူချင်းချစ်ကြိုက်ခဲ့လို့ သူတို့ဇတ်လမ်း အဆုံးသတ်ခဲ့ရတယ်။

ဒါပေမယ့် ဖရက်ဒီကတော့ မေရီသာ တရားဝင်မယားဖြစ်ပြီး အကောင်းဆုံးသူငယ်ချင်းလို့ ဆိုတယ်။


”Too late, my time has come
Sends shivers down my spine, body's aching all the time
Goodbye, everybody, I've got to go
Gotta leave you all behind and face the truth
Mama, ooh, (Any way the wind blows)
I don't wanna die
I sometimes wish I'd never been born at all”


ငါလူဖြစ် မလာရင် သိပ်ကောင်းမှာပဲတဲ့လား။ ဖရက်ဒီဟာ အပြင်ပန်းမှာ ပျော်ပျော်နေတတ် စင်ပေါ်မှာဆို ဟိတ်ဟန်ကြီးသလောက် နောက်ကွယ်မှာတော့ အမြဲအားငယ်နေတတ်သူ အထီးကျန်သူတစ်ယောက်ပါ။ လူတွေက သူ့ရဲ့ နာမည်ကျော်ကြားတာတွေ ငွေကိုရေလိုသုံးနိုင်တာတွေကြောင့် ဝန်းရံနေကြပေမယ့် သူ့ကိုတစ်ကယ်ချစ်တဲ့သူမရှိဘူးဆိုတာ သူသိလာပါတယ်။


”I see a little silhouetto of a man
Scaramouche, Scaramouche, will you do the Fandango?
Thunderbolt and lightning, very, very fright'ning me
(Galileo) Galileo, (Galileo) Galileo, Galileo Figaro magnifico”


Opera နဲ့စတဲ့ ဒီအပိုဒ်မှာတော့ Scaramouche တစ်ယောက်ကို Fandango ကခိုင်းသလို သူ့ဘဝအသစ်ကို သွားဖို့ ကြောက်ရွံ့ နေပုံနဲ့ တင်စားသွားပါတယ်။ နောက်အယူအဆတစ်ခုကတော့ Scaramouche ဆိုတာ ဖရက်ဒီ၊  Galileo ဆိုတာက astro physicist တစ်ယောက်ဖြစ်တဲ့ ဘရိုင်ယန်မေ၊ Beelzebub ကတော့ ရော်ဂျာတေလာ နဲ့ Figaro က ဂျွန်ဒေကွန် ကိုရည်ညွန်းပါတယ်တဲ့။


 ဒီနေရာမှာ အသံပံပိုးမူ့အကောင်းဆုံးကတော့ သူတို့အဖွဲ့ရဲ့ ဒရမ်မာဖြစ်သူ တေလာပါ သူဟာ high note တွေတော်တော်မြင့်တဲ့အထိ ဆိုနိုင်ပါတယ်။


”But I'm just a poor boy, nobody loves me
He's just a poor boy from a poor family
Spare him his life from this monstrosity

Easy come, easy go, will you let me go? ”


“ ငါဟာ သနားစရာ သတ္တဝါတစ်ကောင်ပါ

ငါ့ကိုကြင်နာ နိုင်မဲ့သူမရှိဘူး

မမြဲတဲ့ နေ့မြင်ညပျောက်လောကကြီးမှာ ငါ့ရဲ့ဘဝဟောင်းကို  စွန့်ခွာခွင့် မရှိရဘူးတဲ့လား”


”Bismillah! No, we will not let you go
(Let him go!) Bismillah! We will not let you go
(Let him go!) Bismillah! We will not let you go
(Let me go) Will not let you go
(Let me go) Will not let you go
(Let me go) Ah
No, no, no, no, no, no, no
(Oh mamma mia, mamma mia) Mamma mia, let me go
Beelzebub has a devil put aside for me, for me, for me”


Bismillah ဆိုတာ အာရပ်စကားအရ ဘုရားသခင် နာမတော်အားဖြင့်လို့ အဓိပ္ပါယ်ရပါတယ်

သူ့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်စောင့်နတ်နဲ့နတ်ဆိုးတို့ လွန်ဆွဲနေပုံကို ရေးဖွဲ့ထားတာပါ



So you think you can stone me and spit in my eye?
So you think you can love me and leave me to die?
Oh, baby, can't do this to me, baby!
Just gotta get out, just gotta get right outta here!


“အရင်ခောတ် ကလို ငါ့ကို တံတွေးထွေးပြီး ကျောက်တုံးနဲ့ပေါက်သတ်တော့မလို့လား

နားလိုက်စမ်းပါ”

ဒီဆိုလိုအပိုဒ်မှာ လိဒ်ဂစ်တာသမလား ဘရိုင်ယန်မေရဲ့ သေသပ်တဲ့ လက်ရာကို သေသေချာချာ တွေ့မြင်ရမှာပါ။ ကမ္ဘာအကောင်းဆုံး solo တွေထဲက တစ်ပုဒ်ကို စတီးပါပြီ။ တကယ်တော့ ဒီဂစ်တာဆိုလိုကိုလဲ ဘရိုင်ယန်မေ ရေးခဲ့တာမဟုတ်ပါဘူး။ ဖရက်ဒီကပဲ ရေးခဲ့တာပါ။

လိဒ်ဂစ်တာသမား ဘရိုင်ယန်မေဟာ Astrophysics နဲ့ ဒေါက်တာဘွဲ့ရထားတဲ့သူ တစ်ယောက်ပါ။ သူဟာ  ဂစ်တာတီးရင် Plectrum မသုံးပဲ ပြားစေ့နဲ့ တီးလေ့ရှိတယ်။


Nothing really matters, anyone can see
Nothing really matters
Nothing really matters to me
Any way the wind blows


Bohemian Rhapsody ဆိုတဲ့ သီချင်းခေါင်းစဉ်အဓိပ္ပါယ်ကို ဘယ်သူမှတိတိကျကျမသိကြပါဘူး ဒါပေမယ့် ဖရက်ဒီတစ်ယောက် ဒီသီချင်းထဲမှာ သူ့ဘဝတစ်ခုလုံး ထည့်သွင်းရေးဖွဲ့ထားတယ်ဆိုတာကတော့ သေချာပါတယ်။


  ဖရက်ဒီမာကျူရီဟာ သူ့မှာ AIDS ရောဂါခံစားနေရပါပြီလို့ ကမ္ဘာကို တရားဝင်ကြေငြာပြီး နောက်တစ်ရက် (၁၄ နိုဝင်ဘာ ၁၉၉၁ )  မှာ AIDS ရဲ့ နောက်ဆက်တွဲ ရောဂါဖြစ်တဲ့ အဆုပ်ရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။


2006 ခုနှစ်မှာ Time မဂ္ဂဇင်းက ဖရက်ဒီကို နှစ်ပေါင်း(၆၀) အတွင်း အအောင်မြင်ဆုံး အာရှနွယ်ဖွား တစ်ယောက်အဖြစ် သက်မှက်ခဲ့တယ်။





-     




LNDT 

-      



LNDT