Tuesday 1 April 2014

အယ်တန်တူရာ

 


  သူမပျောက်ဆုံးခဲ့တာ အခုဆို (၇)နှစ်ကျော်ခဲ့ပါပြီ။ သူမကို သတ်ခဲ့တဲ့သူတွေကတော့ အခုချိန်ထိ လွတ်မြောက်နေဆဲပါ။   သူက မွန်ဂိုလီးယားနိုင်ငံသူ အယ်လ်တန်တူရာ ရှရီဘူး (Altantuya Shariibuu)။  သူမကို ၁၉၇၈  ခုနှစ်မှာ မွေးဖွားခဲ့တယ်။ အယ်လ်တန်တူရာ ငယ်စဉ်ဘဝက သူမဖခင် တာဝန်ကျရာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် တွင် ကြီးပြင်းခဲ့ပြီး နောက်ပိုင်း ပီကင်းမှာ Economic Management ဘာသာရပ်ကို သင်ကြားခဲ့တယ်။  ရုရှား၊ တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယား၊ မွန်ဂို နဲ့ ပြင်သစ်ဘာသာစကား တို့ကိုကျွမ်းကျင်စွာ ပြောနိုင်တယ်။




          အယ်လ်တန်တူရာတို့ မိသားစုဟာ (၁၉၉၀)လောက်မှာ မွန်ဂိုလီးယား နိုင်ငံကို ပြန်လည်ပြောင်းရွေ့ ခဲ့ကြတယ်။ နှစ်အနည်းငယ်အကြာ သူမ(၁၈)နှစ်အရွယ်မှာ မွန်ဂိုက techno အဆိုတော် မာဒိုင်းဆိုသူနဲ့ အိမ်ထောင်ကျတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရအပြီးမှာ သူတို့အိမ်ထောင်ရေး ပြိုကွဲသွားတယ်။




         ကလေးကို မိဘအိမ်ထားပြီး ပြင်သစ်မှာ မော်ဒယ်သင်တန်း သွားတက်လိုက်သေးတယ်။ ဒါပေမယ့် မော်ဒယ်အဖြစ်နဲ့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ (၂၀၀၂) လောက်မှာ နောက်တစ်ခါ အိမ်ထောင်ကျတယ်။ ဒီတစ်ခါမှာလည်း နောက်ထပ်ကလေးတစ်ယောက်ရအပြီး အိမ်ထောင်ကွဲပြန်တယ်။




           သူမဟာ နောက်ပိုင်းမှာ စကားပြန် အလုပ်လုပ်ပြီး တရုတ်၊ စင်ကာပူနဲ့ မလေးရှားတို့လို နိုင်ငံတွေကို မကြာခဏ သွားရလေ့ရှိတယ်။ ဒီလိုခရီးတွေသွားရင်း အဲ့ဒီအချိန်က မလေးရှားနိင်ငံ ဒုတိယဝန်ကြီးချူပ် (ယခုဝန်ကြီးချူပ်) နာဂျစ်တန် ရာဇတ် (Najib Tun Razak) နဲ့ နီးစပ်သူ၊ နိုင်ငံရေးရာသုတေသီ အဗ္ဗဒူ ရာဇတ် ဘဂင်ဒါ (Abdul Razak Baginda) နဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ ခန့်မှန်းပြောဆိုမှူ့တွေအရ သူမနဲ့ အဗ္ဗဒူ ရာဇတ် တို့နှစ်ယောက်ကို မိတ်ဆက်ပေးတာ နာဂျစ်ရာဇတ်လို့ ဆိုတယ်။  ဒီလိုတွေ့ဆုံမူ့ကနေပဲ သူမဘဝအကို အဆုံးသတ်စေဖို့ ဖြစ်ခဲ့ရတယ်။


              အချိန်တိုအတွင်းမှာပဲ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ငြိတွယ်သွားပြီး (၂၀၀၅)ခုနှစ် အဗ္ဗဒူ ရာဇတ်ရဲ့ ပဲရစ်ခရီးစဉ်မှာ လိုက်ပါသွားခဲ့တယ်။ သူတို့ဟာ အကောင်းစား စားသောက်ဆိုင်တွေမှာစား၊ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်းကြပေမယ့် အပျော်ခရီးတစ်ခုတည်းတော့မဟုတ်ပါဘူး။




               (၂၀၀၂)ခုနှစ် နာဂျစ်တန်ရာဇတ် ကာကွယ်ရေးဝန်ကြီးဘဝက ပြင်သစ်နဲ့စပိန် ကုမ္မဏီ Armaris ဆီကနေ ယူရို တစ်ဘီလီလျံနဲ့ Scorpene ရေငုပ်သင်္ဘော (၃)စီး ဝယ်ယူခဲ့တယ်။ ပွဲစားခအနေနဲ့ ယူရိုဒေါ်လာ (၁၁၄) သန်းကို အဗ္ဗဒူ ရာဇတ်ပိုင်တဲ့ Perimekar ကုမ္မဏီကို ပေးရမှာဖြစ်တယ်။ ဒီလိုကော်မရှင်ခပေးတာဟာ ပြင်သစ်မှာတော့ တရားမဝင်ပါဘူး။ မလေးရှားအစိုးရ အနေနဲ့တော့ ဒါတွေအားလုံးကိုသိတယ်။




             ဒီလိုအလုပ်ကိစ္စနဲ့သွားတဲ့နေရာမှာ အယ်လ်တန်တူရာဟာ စကားပြန်တစ်ယောက်အဖြစ်နဲ့ ပါသွားတယ်လို့ ယူဆရတယ်။ (၂၀၁၆) အောက်တိုဘာလ အစောပိုင်းမှာ ကော်မရှင်ခကို အဗ္ဗဒူ ရာဇတ်ပိုင်တဲ့  Perimekar ကုမ     ္မဏီ ဘဏ်အကောင့်ထဲ ပို့ပြီးကြောင်း Armaris ကုမ္မဏီက အကြောင်းကြားလာတယ်။ သူမဟာ မလေးရှားနိုင်ငံကို လိုက်သွားပြီး ကော်မရှင်ခထဲက သူမအတွက် ရပိုင်ခွင့် အမေရိကန်ဒေါ်လာ ငါးသိန်း တောင်းဆိုခဲ့တယ်။ ဒီဖြစ်ရပ်မတိုင်မီ အယ်လ်တန်တူရာ နဲ့ အဗ္ဗဒူရာဇတ် တို့ဇတ်လမ်းက ပြတ်စဲပြီးသားပါ။




             အောက်တိုလာလ (၁ဂ) ရက် ၂၀၀၆ ခုနှစ် ညနေခင်းမှာ သူမဟာ အဗ္ဗဒူရာဇတ် တို့အိမ်လိုက်သွားပြီး အကြီးအကျယ် အငြင်းပွားခဲ့တယ်။ အဗ္ဗဒူရာဇတ် ဟာ အထူးရဲတပ်ဖွဲ့ရဲ့ ဒါရိုက်တာဆီ ဖုန်းဆက်ခေါ်လိုက်တယ်။ ညကိုးနာရီလောက်မှာ နာဂျစ်ရာဇတ်ရဲ့ သက်တော်စောင့် အဖြစ်တာဝန်ထမ်းဆောင်နေသူ၊ အထူးရဲတပ်ဖွဲ့မှ  ရဲအရာရှိနှစ်ဦးဖြစ်သူ ဆီရူးအိုမာ နဲ့ အဇီလာတို့ကို သူတို့နှစ်ယောက် ရောက်လာပြီး အယ်လ်တန်တူရာကို ဖမ်းခေါ်သွားတယ်။ အဲ့ဒီအချိန်ကစပြီး အယ်လ်တန်တူရာကို ဘယ်သူမှ နောက်ထပ်မတွေ့ကြရတော့ပါဘူး။ သူမရဲ့ မလေးရှားနိုင်ငံထဲ ဝင်ရောက်တဲ့ မှက်တမ်းကိုလဲ ဖျောက်ဖျက်ပြစ်လိုက်တယ်။








               ဒီလိုဖြစ်ရပ်တွေ မတိုင်မီမှာ တူရာဟာ ရဲစခန်းကိုသွားပြီး အမူ့ဖွင့်ခဲ့တယ်။ တကယ်လို့သာ သူပျောက်သွားခဲ့ရင် တရားခံဟာ အဗ္ဗဒူရာဇတ် ဖြစ်တယ်ဆိုပြီး ကြိုတင်အသိပေးခဲ့တယ်။




             သူမနဲ့အဖော်အဖြစ်လိုက်လာသူ ညီမနဲ့ ညီမဝမ်းကွဲတို့ဟာ သူမပျောက်ဆုံးသွားကြောင်း သိသိခြင်း ထိုင်းနိုင်ငံမှာရှိတဲ့ မွန်ဂိုလီးယား သံရုံး (မလေးရှားနိုင်ငံတွင် သံရုံးမရှိသောကြောင့်) ကို အကြောင်းကြားပြီး ၂၀၀၆ခုနှစ် အောက်တိုဘာ (၁၉)မှာ အမူဖွင့်ခဲ့တယ်။ ရဲတွေစုံစမ်းစစ်ဆေးတဲ့အခါမှာ အယ်လ်တန်တူရာကို မတွေ့တော့ပဲ သူမရဲ့ အရိုးလို့ယူဆလို့ရတဲ့ အရာတွေကိုသာ တွေ့ခဲ့တယ်။ DNA စစ်ဆေးကြည့်တဲ့အခါမှာတော့ အယ်လ်တန်တူရာ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်။ သူမဟာ သေနတ်နဲ့ နှစ်ချက် ပြစ်ခံရပြီးမှ သူမတစ်ကိုယ်လုံးကို C4 ယမ်းပျော့နဲ့ ဖောက်ခွဲခံခဲ့ရတာပါ။








                                        (တရားရုံးတော်ရောက် အဗ္ဗဒူရာဇတ်)


                ဒီအမူ့နဲ့ ဆက်နွယ်ပြီး အဗ္ဗဒူရာဇတ်၊ ဆီရူးအိုမာ နဲ့ အဇီလာတို့ကို ဖမ်းဆီးစစ်ဆေးပြီး လူသတ်မူ့နဲ့ တရားစွဲဆိုခဲ့တယ်။ လူသိပ်မသိတဲ့ အစီရင်ခံစာတစ်ခုမှာ တော့ ဆီရူးအိုမာရဲ့ ဖြောင့်ချက်ကို အခုလို တွေ့ရတယ်။




    “ ဒီတရုတ်မ (အယ်လ်တန်တူရာ)က ကျနော်ခါးကြားက သေနတ်ကို တွေ့လိုက်တာနဲ့ သူ့မှာ ကိုယ်ဝန်ရှိကြောင်း၊ အသက်ကိုချမ်းသာပေးဖို့ တောင်းပန်တယ်ဗျ။ အဇီလာက သူ့ကို ဆွဲပြီး ကိုင်ပေါက်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျနော်က ခေါင်းကို တစ်ချက်ပစ်လိုက်တယ်။ အဇီလာက သူမရဲ့ အဝတ်အစားတွေချွတ်ပြီး အလောင်းကို ပလပ်စတစ်အိပ် အနက်ထဲထည့်လိုက်တယ်။ သူမလက်က လှူပ်နေတုန်းပဲ။ ဒါနဲ့ ကျနော်လဲ ဦးခေါင်းကို နောက်ထပ်တစ်ချက် ပစ်လိုက်တယ်။ ပြီးတော့မှ နှစ်ယောက်သား တောထဲကို မသွားပြီး သူမရဲ့ ခေါင်း၊ ဝမ်းဗိုက်နဲ့ ခြေထောက်မှာ ယမ်းပျော့တွေကပ်ပြီး ဖောက်ခွဲလိုက်တာပဲ”။








အယ်လ်တန်တူရာကို ဗုံးနဲ့ဖောက်ခွဲခံရတဲ့နေရာ






               အပြန်အလှန် လျောက်လှဲချက်တွေ အပြီး အောက်တိုဘာ (၂၀၀ဂ)မှာ တရားရုံးတော်က ထင်ရှားတဲ့သက်သေ မရှိဘူးဆိုပြီး အဗ္ဗဒူရာဇတ်ကို အမူ့မှ ကင်းလွတ်ခွင့်ပေးခဲ့တယ်။ အဗ္ဗဒူရာဇတ် တစ်ယောက် နာဂျစ်ရဲ့ အတွင်းစည်းအဖြစ် ရှိမနေတော့ပဲ အင်္ဂလန်မှာ သွားရောက်အခြေချ နေထိုင်လျှက်ရှိတယ်။  (၂၀၀၉) ဧပြီလမှာ ဆီရုးက သူ့ကိုသေဒဏ်မချမှက်ဖို့၊ သူတို့ဟာ တရားရုံးတော်ကို မလာနိုင်တဲ့တစ်စုံတစ်ယောက်အတွက် အကာအကွယ်ပြုနေတဲ့ သိုးမည်းတွေဖြစ်ကြောင်း မျက်ရည်စက်လက်နဲ့ လျောက်ထားခဲ့တယ်။ သိပ်မကြာခင်မှာပဲ တရားသူကြီးက ဆီရူးအိုမာနဲ့ အဇီလာ တို့ ရဲအရာရှိနှစ်ယောက်ကို ၂၀၁၃ သြဂုတ်လမှာ မသေမချင်း ကြိုးကွင်းစွပ်ပြီး သတ်စေဖို့ သေဒဏ်ချမှက်ခဲ့ တယ်။








              ဒီလိုအမိန့်ချမှက်ချိန်မှာ တရားခံနှစ်ယောက်မျက်နှာမှာ ဘယ်လိုခံစားချက်မျိူးကိုမှ မတွေ့မြင်ကြရခဲ့ပါဘူး။ သူတို့မိသားစုဝင်တွေကလဲ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရှေ့နေတွေကတော့ အသနားခံစာတင်ဖို့ ဆက်ကြိုးစား ခဲ့တယ်။




                   ၂၀၁၃ သြဂုတ်လ ၂၃ ရက်နေ့မှာတော့ မလေးရှား တရားရုံးတော်က အကြောင်းပြချက်များစွာနဲ့ ဆီရူးအိုမာနဲ့ အဇီလာကို တရားသေလွတ်လိုက်ပြန်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မလေးရှားနိုင်ငံသားများနဲ့ အယ်လ်တန်တူရာ့ဖခင် တို့က မလေးရှား တရားစီရင်ရေးစနစ်ကို အကြီးအကျယ် ဝေဖန်ခဲ့ကြတယ်။ တစ်ကယ်တော့ နောက်ကွယ်က ခိုင်းစေသူကို မဖေါ်ထုတ်ဘဲ ဒီရဲအရာရှိနှစ်ယောက်တည်းကို အပြစ်ပုံချပြီး သေဒဏ်ပေးတာဟာ တရားမျှတမူ့မရှိပါဘူး။ ဥပဒေအရတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ ဒီနှစ်ယောက်ကို လွတ်မြောက်ခွင့်ပေးတာကြတော့လည်း လက်ခံနိုင်စရာမရှိပါ။




           ကျနော့အထင်တော့ သူတို့သုံးယောက်စလုံး မသတ်ခဲ့ဘူးဆိုရင် အယ်လ်တန်တူရာတစ်ယောက် စိတ်ကူးပေါက်ပေါက်နဲ့ သူ့ခေါင်းသူ သေနတ်နဲ့ နှစ်ချက်ပစ်၊ သေအံ့မူးမူး အချိန်မှာ သူ့ကိုယ်သူ C4 နဲ့ ဖောက်ခွဲပြစ်လိုက်တာ နေမှာပါ ----နော့-----