Monday, 4 February 2019

သက်ရှိတို့ အစ







ကမ္ဘာကြီးမှာ အရှုပ်ထွေးဆုံး သတ္တဝါတွေက ခပ်ကြီးကြီးဦးနှောက်၊ ခြေ၂ ချောင်းပေါ်လမ်းလျောက်ပြီး  နို့တိုက်သတ္တဝါတွေ ဖြစ်တဲ့  ကျနော်တို့ လူသားတွေပါပဲ။ ကျနော်တို့ဟာ ကမ္ဘာကြီးရဲ့ အခြေခံ ဒြပ်စင်တွေကနေ အခုလို ကမ္ဘာကြိးကို စိုးမိုးချယ်လှယ်ပြီး လိုရာပုံသွင်းနိုင်တဲ့ လုူသားအဖြစ်ထိအောင် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာကြတယ်။


အစကနေ အခုအခြေအနေတွေအထိ နာရီတွေကို နောက်ပြန်လှည့်ကြည့်လိုက်ရင် ကျနော်တို့ သိမြင်ထားတဲ့ အခြေခံအချက်တွေဟာ မေးခွန်းထုတ်စရာတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းလေးထောင် လောက်ကို ပြန်ကြည့်ရင် ကျနော်တို့ လူသားတွေရဲ့ သမိုင်းဟာ အလှည့်အပြောင်း အနိမ့်၊အမြင့် အတက်၊ အကျ အပြည့်နဲ့ဖြစ်နေပြန်ပါတယ်။ သဘာဝတရားရဲ့ ဘေးဒဏ်တွေ၊ သားရဲတိရိစ္ဆာန်တို့ရဲ့ ခြိမ်းချောက်မှု့တွေကြောင့် မုဆိုးအဖြစ်ကနေ သားကောင်ဖြစ်ခဲ့ရတာတွေ မျိုးတုန်းမဲ့ အန္တရာယ်တွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။


ကုန်းမြေပေါ်မရောက်ခင် ရေထဲကဘဝကို ပြန်ကြည့်ရင်လဲ  ရှင်သန်ဖို့ အမျိုးမျိုးရုန်းကန်ခဲ့ရတယ်။ ငါးမဖြစ်ခင် ပိုးမွားတွေ အဖြစ် အဲ့ဒီကနေတဆင့် ပိုးမွားတွေမဖြစ်ခင် ပထမဆုံး သက်ရှိဘဝဖြစ်တဲ့ Single Cell ဘဝကို ပြန်ကြည့်ရင် လူသားဆိုတာ တော်တော်ကို ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေ တိုက်ဆိုင်လွန်းလို့သာ ဖြစ်လာရတာပါ။



လွန်ခဲ့တဲ့ နှစ် ပေါင်းသန်း ၄၀၀၀






 ကျောက်တုံးအစိုင်အခဲတွေနဲ့ ဖုန်မှုန့်တွေဟာ နေအဖွဲ့အစည်းထဲမှာ လှည့်ပတ်နေပါတယ်။  အဲ့ဒါကတော့ ကမ္ဘာမြေကြီးပါ။  ရေအောက်မီးတောင်ပေါက်ကွဲတာတွေ ဥက္ကာခဲ ပင်လယ်ထဲ ကျရောက်တာတွေ  မိုးကြိုးမုန်တိုင်းတွေကြောင့် သက်ရှိတစ်ကောင်တစ်မြီးမှမရှိတဲ့ ချော်ရည်အပြည့်နဲ့ ကမ္ဘာကြီးဟာ နောင်တစ်ချိန်မှာ သက်ရှိ မျိုးစိတ်ပေါင်း ကိုးသန်းကျော် နေထိုင်မဲ့နေရာအဖြစ် ပြောင်းလဲသွားပါတော့မယ်။


ယူဆချက်ပေါင်းများစွာရှိပေမယ့် သက်ရှိတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာ အသေအချာတော့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ရေမရှိဘဲ သက်ရှိဖြစ်မလာဘူးဆိုတာပါ။ ကျွမ်းကျင်ပညာရှင်တွေ ကတော့ ဥက္ကာခဲတွေ ကြယ်တံခွန်တွေ ဟာ သက်ရှိတွေဖြစ်ဖို့ လိုအပ်တဲ့  အမို်င်နိုအက်ဆစ် တွေ သယ်ဆောင်လာတယ်လို့ ယုံကြည်ထားကြတယ်။


ဥက္ကာခဲတွေ ပင်လယ်သမုဒ္ဒရာထဲ ကျရောက်နေတာကြောင့် ရေဟာ ဓါတုဒြပ်ပေါင်းတွေ သက်ရှိအခြေခံ ပစ္စည်းတွေနဲ့ ရောထွေးလို့နေပါပြီ။ အချိန်ရယ် နေရာရယ် ပြီးပြည့်စုံတဲ့ အခြေအနေမှာ ဗို့အားသိန်းပေါင်းများစွာရှိတဲ့ မိုးကြိုးမုန်တိုင်းတို့က တိုက်တိုက်ဆိုင်ဆိုင်နဲ့ အခြေအနေတခု ဖြစ်ပျက်စေပါတယ်။ ဓါတုအက်တမ်တွေ အစီအစဉ်တကျ ပေါင်းစည်းသွားမိပြီး DNA သက်ရှိအခြေခံပစ္စည်းတွေ ဖြစ်ပေါ်လာတယ်။ ဒီလိုဓါတုဗေဒဒြပ်ပေါင်းတွေဟာ သာမန်အားဖြင့်တော့ ဒီလောက်ကြမ်းတမ်းလှတဲ့ ပတ်ဝန်းကျင်မှာ သက်ဆိုးရှည်လေ့မရှိကြပါဘူး။  နောက်တစ်ခါ ကံကောင်းပြန်ပါပြီ။ အနားကအဆီခဲ တချို့ ဖုံးလွမ်းသွားမိပြီး  ပထမဆုံးသော သက်ရှိဆဲလ် တစ်ခု ပေါ်ထွန်းလာပါတယ်။




လွန်ခဲ့တဲ့ နှစ် ပေါင်းသန်း ၃၅၀၀


 ဒီအချိန်မှာ အထူးခြားဆုံး အရာတစ်ခု ဖြစ်ပေါ်ပြန်ပါတယ်။ အဲ့ဒါက တော့ သက်ရှိဆဲလ်လေးဟာ သူ့ဟာသူ ပုံတူပွား လာတာပါပဲ။ ဒီဆဲလ်ထဲက DNA အချက်အလက်တွေဟာ မျိုးဆက်တစ်ခုကနေ နောင် ဆက်တိုင်းဆက်တိုင်း မျိုးဆက်ပျက်မသွားအောင် ပါရှိနေမှာပါ။  လက်ရှိ တည်ရှိသမျှ သစ်ပင်တွေ လူတွေ တိရိစ္ဆာန်တွေ ပိုးကောင်တွေ မှန်သမျှရဲ့ ဇစ်မြစ်ကို လိုက်ကြည့်ရင် ဒီသက်ရှိဆဲလ်လေးတစ်လုံးက စတာကို တွေ့ရမှာပါပဲ။

ဆဲလ်လေးမျိုးဆက်ပြတ်မသွားအောင် သူ့ရဲ့ ဗီဇက နှစ်ကိုယ်ခွဲပြီး  မျိုးပွားဖို့ အမိန့်ပေးနေပါတယ်။ နောင်နှစ်ပေါင်း သန်းနှစ်ထောင်လောက်ထိအောင် ကမ္ဘာကြီးမှာ ဒီလို တစ်လုံးတည်းသော သက်ရှိဆဲလ် တွေပဲရှင်သန်နေထိုင်ပါတယ်။


 မတော်တဆ တိုက်ဆိုင်မှု့တွေကြောင့် အရာရာတိုင်း ပြောင်းလဲနိုင်ပါတယ်။ ဆဲလ်တစ်လုံးတည်းပါတဲ့ သက်ရှိတွေ အချင်းချင်း မတော်တဆ ပူးပေါင်းမိရာက သူတို့ရဲ့ ဗီဇတွေပါ ပေါင်းစည်းကုန်ပါတယ်။ ဆဲလ်နှစ်လုံး သက်ရှိတွေ မျိုးပွားရာကနေ ဆဲလ်နှစ်ခု ပါတဲ့ သက်ရှိတွေဖြစ်လာပါပြီ။


တစ်နေ့မှာ  ဆဲလ်တွေအလိုလို  ပုံတူမျိုးပွားတဲ့ အစီအစဉ်ကို မတော်တဆ ဖျက်မိလျက်သား ဖြစ်ပြန်ပါတယ်။ ဆဲလ်တွေ သန္ဓေပြောင်းသွားပြီး တဖြေးဖြေးနဲ့ မိခင်ဆဲလ်နဲ့ လုံးဝခြားနားတဲ့ ဆဲလ်တွေ ပွားများလာလိုက်တာ မျိုးစိတ်မတူတဲ့ ဆဲလ်တွေ သန်းထောင်ပေါင်းများစွာ ဖြစ်လာတဲ့အထိပါ။ အဲ့ဒီထဲကတစ်ခုကတော့ လူတွေဖြစ်လာမယ့်  မျိုးစိတ်ပါ။


 လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၅၅ဝ


ပင်လယ်၊ သမုဒ္ဒရာအောက်မှာ ပွားများလာတဲ့ ဆဲလ်တွေဟာ တစ်ဖြေးဖြေးနဲ့ ရှုပ်ထွေးလာလိုက်တာ ကျနော်တို့ ဘိုးဘွားဖြစ်လာမယ့် သုံးလက်မအရွယ် ရေတီကောင်  ဖြစ်လာတဲ့တိုင်အောင်ပါ။  သန္ဓေပြောင်းလဲခြင်းဟာ အစစအရာရာ ကွာခြားတဲ့ လိင် ကွဲပြားခြားနားခြင်း၊ ပိုမိုရှုပ်ထွေး များပြားတဲ့ Gene တို့ကို   ဖြစ်ပေါ်စေတယ်။ အထီး အမ ဆိုတာ ဒီနေရာက စတာပါ။


သက်ရှိမှန်သမျှ အမြင်အာရုံ ဆိုတာ မရှိတဲ့အတွက်ရေတီကောင်လေးတွေဟာလဲ  အချင်းချင်း ဆုံနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ နက်ရိုင်းလှတဲ့ ပင်လယ်သမုဒ္ဒရာ အောက်မှာ ဒီအကောင်တွေ အချင်းချင်း မြင်ရဖို့အတွက် သဘာဝတရားကြီးရဲ့ ဖန်တီးမှု့တွေ ပါလာပါပြီ။ အရေပြားဆဲလ်တစ်ချို့ဟာ အလင်းအာရုံခံ ဆဲလ်တွေအဖြစ် ပြောင်းလဲလာပါတယ်။ အခုဆိုကျနော်တို့ဟာ ရန်သူ မိတ်ဆွေ ပိုမြင်လာရပြိး အသက်ပိုရှည်လာတယ်၊ သားကောင် ပိုရှာလာနိုင်တယ်၊ မျိုးဆက်ပြန့်ပွားမှု့ ပိုလုပ်လာနိုင်တယ်။ ဒီလို မရေတွက်နိုင်တဲ့ မျိုးဆက်ပြန့်ပွားမှု့ကနေ ပိုမိုကောင်းမွန်တဲ့ အလင်းအာရုံခံစနစ်ဖြစ်လာပြန်တယ်။  ဒိလိုနဲ့ သဘာဝတရားကြိးက ကျနော်တို့ဘိုးဘွားတွေကို မျက်လုံးဆိုတဲ့အရာ စတင်ပေးခဲ့တယ်။


ကျနော်တို့အခုဆို မြင်ရပါပြီ။မြင်သမျှ အရာတွေဟာ ဆဲလ်တစ်လုံးတည်းကနေ ပွားများလာတဲ့ အရာတွေပါ။  မြင်သမျှကို သိဖို့ကလိုသေးတယ်မလား။ မျက်လုံးရဲ့နောက်ကွယ်မှာ အာရုံခံ ဆဲလ်သေးသေးလေးတွေ စုဝေးလာပါတယ်။ ဒါပေမယ့် အပ်ထိပ်ဖျားလောက်တောင် မကြီးသေးပါဘူး။ တစ်နေ့မှာ သဘာဝတရားဖန်တီးတဲ့ အရှုပ်ထွေးဆုံး နဲ့ အဆန်းကြယ်ဆုံး ဦးနှောက်ဆိုတဲ့ အရာတစ်ခု ဖြစ်လာတော့မှာပါ။






လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၂၁


ဒီအချိန် ရောက်တဲ့အခါမှာတော့ ပထမဦးဆုံး ဦးနှောက် ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအချိန်က ကျနော်တို့ဟာ  ငါးတူသတ္တဝါ မီလိုကူမင်းနီးယား Myllokunmingia အဆင့်ကို ရောက်နေပါပြီ။ ဦးနှောက်ဟာ သာမန် အခြေခံ အချက်အလက်တွေ ဆုံးဖြတ်တာမျိုးကိုပဲ လုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် ရှေးဦး ပင်လယ်သမုဒ္ဒရာကို စိုးမိုးနေတဲ့ အနိုမာလိုကာရစ် လို သတ္တဝါတွေရန်က လွတ်မြောက်အောင် မစွမ်းနိုင်သေးပါဘူး။




                                                     မီလိုကူမင်းနီးယား Myllokunmingia

            
ကျနော်တို့ မျိုးတုန်းပျောက်ကွယ်ဖို့ဆိုတာ အင်မတန်လွယ်လွန်းလှတဲ့ အခြေအနေပါ။ ကမ္ဘာပေါ်မှာ ဖြစ်တည်ဖူးသမျှ မျိုးစိတ်တွေရဲ့ ၉၉% ဟာ မျိုးတုန်းပျောက်ကွယ်သွားပြီးဖြစ်ပါတယ်။ ကံကြမ္မာရဲ့ မျက်နှာသာပေးမှု့က မီလိုကူမင်းနီးယားကို ဆက်လက်ရှင်သန်ဖို့ ဖန်တီးပေးနေပါတယ်။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀

 အနိုမာလိုကာရစ် လို သတ္တဝါတွေ ရန်ရှောင်တိမ်းရင်းနဲ့ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းလေးရာ ရောက်တဲ့အခါမှာ မီလိုကူမင်းနီးယားဟာ မေးရိုးတွေ သွားတွေ ပေါ်ပေါက်လာပါတယ်။ ဒီလိုပေါ်ထွက်လာတာကြောင့် ပိုစားနိုင်လာတယ်၊ အရွယ်အစားလဲ ပိုကြီးလာတယ်။



                                                               အနိုမာလိုကာရစ်

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၇၅


 ကျနော်တို့ဟာ တစ်ပေအရှည်ရှိတဲ့ အရိုးမာချပ်ကာငါး ဖြစ်နေပါပြီ။ ကိုယ့်ထက် ကြီးမားတဲ့ ငါးကြီးတွေကြောင့် ကျနော်တို့ဟာ ပင်လယ်သမုဒ္ဒရာကို မကြီးစိုးနိုင်ပါဘူး။ ရွေးချယ်စရာ နှစ်ခုပဲရှိပါတယ်။ မျိုးတုန်းခံမလား ထွက်ပြေးမလားဆိုတာပါပဲ။ စိမ့်တောဘက်ကို ထွက်ပြေးတဲ့ အခါမှာ ငါးကြိးတွေရန်ကတော့ လွတ်သွားပါတယ်။
ဒါပေမယ့် ရေတိမ်ပိုင်းမှာ အောက်ဆီဂျင် အလုံအလောက်မရှိပြန်ပါဘူး။ အောက်ဆီဂျင်ပြတ်ပြီး ဆဲလ်တွေ သေဆုံးကုန်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် အဆိပ်ငွေ့တွေ သွေးထဲဝင်ရောက်လာတာကြောင့် ရေနက်ပိုင်းကို ပြန်သွားဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ရေတိမ်ပိုင်းမှာလဲ မနေနိုင်တာကြောင့် ကျနော်တို့ သွားစရာလမ်းက တစ်ခုပဲ ကျန်ပါတော့တယ်။

                                                     Armored Fish

ဆဲလ်တစ်လုံးနဲ့ သက်ရှိ အဆင့်ကနေ အရိုးမာချပ်ကာငါး တစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲဖို့ရာ ကျနော်တို့ဟာ နှစ်ပေါင်းသန်းသုံးထောင်ကြာခဲ့တယ်။ အခုတော့ ကျနော်တို့ အနာဂတ်ဟာ စိတ်ပျက်စရာအပြည့်နဲ့ပါ။


သဘာဝတရားရဲ့ မျက်နာသာပေးမူ့က ကျနော်တို့ကို ကယ်တင်ပြန်ပါပြီ။ ကျနော်တို့ ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ငါးမှ မလုပ်ဘူးတဲ့ အရာတစ်ခုကို လုပ်ဆောင်ပါတယ်။ အဲ့ဒါက လေကို ရူရိုက်လိုက်တာပါပဲ။ လေဟာ  ခန္ဓာကိုယ်ထဲက ဖြတ်ပြိး အဂါၤအသစ်ဆီရောက်သွားတယ်။ အဲ့ဒါက အဆုပ်ပါ။ ကျနော်တို့ လေကို ရှုူနိုင်ပါပြီ။ အခုဆိုရင် ကျနော်တို့ဟာ လေထဲမှာရော ရေထဲမှာပါ အသက်ရူနိုင်တဲ့ အိချ်သီယိုစတီးဂါး
Ichthyostega တွေ ဖြစ်နေပါပြီ။



                                                          အိချ်သီယိုစတီးဂါး  Ichthyostega
ရေထဲမှာပဲဖြစ်ဖြစ် လေပေါ်မှာပဲ ဖြစ်ဖြစ် ကျနော်တို့ဟာ လေပြွန်ကို ပါးဟပ်နဲ့ အဆုပ်ကြား အပြောင်းအလဲလုပ်ပြီး အသက်ရှုပါတယ်။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၆၅
 ကျနော်တို့ဟာ ရေထဲကနေခေါင်းပြူပြီး စိမ့်တောတွေ ကို နုတ်ဆက်ခဲ့ပါတော့တယ်။ အရှေ့မှာ တော့ ကျယ်ပြောလှပတဲ့ ကမ္ဘာ့ကုန်းမြေက စောင့်ကြိုနေပါတယ်။ ရွေးချယ်မှု့က ရိုးစဉ်းလှပေမဲ့ အကျိုးဆက်က ကြီးမားလှတယ်။ ကျနော်တို့ ဟာ ကိုယ့်ဟာကို ရေထဲကထွက်ခဲ့ပြီး သမိုင်းစာမျက်နှာတစ်ရပ် ရေးဆွဲခဲ့ပြန်ပါပြီ။

ပူပြင်းလှတဲ့ နေရာင်ခြည်ဟာ ကျနော်တို့ အရေပြားကို ခြောက်သွေ့စေပြီး  ကြမ်းတမ်းတဲ့ မြေပြင်အနေအထားဟာ နူးညံ့တဲ့ ခြေထောက်တွေကို စုတ်ပြဲစေတယ်။ အိချ်သီယိုစတေဂါ
Ichthyostega တွေဟာ ရေထဲကနေ ကုန်းပေါ်တက်ခဲ့တဲ့ ငါးတွေပါ။

စိမ့်တောတွေကနေ မျိုးတုန်းမဲ့ အန္တရာယ်ကနေ ကျော်လွားဖို့ ကျနော်တို့ ကုန်းပေါ်တက်ခဲ့ပါပြီ။ တကယ်တော့ အရင် အန္တရာယ်အဟောင်းတွေကိုသာ ရှောင်လွဲနိုင်ခဲ့ပြီး နောက်ထပ် အန္တရာယ် အပြည့်နဲ့ ကမ္ဘာသစ် တစ်ခုဆီ ရောက်လာတာပါ။

နေရောင်ခြည်ကို ကာကွယ်ဖို့ သဘာဝတရားကြိးက ကျနော်တို့ိုကို ပိုမိုထူထဲတဲ့ အရေပြား လက်ဆောင်ပေးပြန်ပါတယ်။ ပြီးတော့ နောင်တစ်ချိန် လက်သည်းဖြစ်လာမဲ့ လက်စွယ်တွေရောပေါ့။ ဒီလက်စွယ်တွေက ကြမ်းတမ်းတဲ့ မြေသားပြင်ကို ကုတ်တွယ်ဖို့ လွယ်ကူစေတယ်။
 ကျနော်တို့ဟာ ပတ်ဝန်းကျင်အသစ်မှာ နေသားကျနေပါပြီ။


ဒါပေမယ့် ကျနော်တို့ ဥတွေက တော့  ပူပြင်းတဲ့နေဒဏ်က ကာကွယ်ဖို့ အကာအကွယ် အခွံမာမာ လိုနေပါသေးတယ်။ ပြဿနာက   အိချ်သီယိုစတီးဂါ တွေဟာ အခွံမာဥကို ဥဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူတို့ ဟာ အမရဲ့ ကိုယ်ထဲမှာ မျိုးအောင်မဲ့ အစီအစဉ်ကို တွေ့ရှိသွားတယ်။ ကျနော်တို့ သိတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဒီကစတာပါ။ ဒီတွေ့ရှိချက်က ဆင့်ကဲပြောင်းလဲဖြစ်စဉ်မှာ တကယ် အရေးပါတယ်။ အခွံမာတဲ့ ဥတွေ သန္ဓေသားလောင်းတွေဟာ အမရဲ့ ကိုယ်ထဲမှာ ဖြစ်တည်နိုင်ပြီး အခွံမာဥတွေ ကို ဥနိုင်ပါပြီ။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၄၀


လိင်ဆက်ဆံခြင်းကနေ မျိုးပွားဖို့ အကောင်းဆုံးအစီအစဉ်ဖြစ်ပြီး ကျနော်တို့ မျိုးသုန်းခြင်းဒဏ်က ကာကွယ်ပေးပါတယ်။

ဒီကျေးဇူးကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၄၀ အကြာမှာတော့ ကျနော်တို့ရဲက ဘိုးဘွားဘီဘင်တွေဟာ ကုန်းမြေပေါ်မှာ တစ်သက်လုံးနေဖို့ဖြစ်လာရတယ်။

အရင်တုန်းကကြုံတွေ့ရတာနဲ့စာရင် ဒါတွေဟာ ကမ္ဘာအသစ်ပါ။ ကျနော်တို့ လေကိုရှုနိုင်ပြီ၊ ကိုယ့်ခန္ဓာကိုသယ်ပြီး သွားလာနိုင်ပြီ။ မြင်ကွင်းအသစ်တွေ အသံတွေ၊ အနံတွေကို ရင်ဆိုင်လာရပါတော့တယ်။  အချက်အလက်တွေ များလာသလို ဦးနှောက်ကလဲ ဖွံဖြိုးလာပါတယ်။ ကျနော်တို့ပိုပြီး ထက်မြက်လာကြတယ်။

ပထမဆုံး ကုန်းပေါ်တက်လာတဲ့ သတ္တဝါတစ်ကောင်ကနေ မျိုးစိတ်ပေါင်း များစွာထိ ဆင့်ကဲပြောင်းလဲ လာကြတယ်။ မျိုးစိတ်တွေ များလာတာနဲ့ အမျှ အစားအစာ ရှားပါးလာပြန်ပါတယ်။ သန္ဓေပြောင်းလဲခြင်းကနေ ပိုမိုသန်မာတဲ့ မေးရိုးနဲ့ ကြွက်သားတွေ ပေါ်ပေါက်လာတယ်။ ဒါကအများကြီး အထောက်အကူပြုပါတယ်။ ကျနော်တို့ ပိုပြီးမြန်မြန်နဲ့ မာျးများ စားနိုင်လာတယ်ပြီး အသားစားနိုင်ဖို့ အခြေအနေတစ်ရပ် ဖြစ်လာရတယ်။ အရင်က အစာလုဘက်တွေက သားကောင်အဖြစ် ပြောင်းသွားပါပြီ။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀

                                                              
ကျနော်တို့ရဲ့ သမိုင်းခရီးဟာ နိမ့်မြင့်တက်ကျနဲ့ပါ။ အခုဆိုရင် ကံနိမ့်တဲ့ အပိုင်းကိုရောက်လာပါပြီ။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀မှာတော့ သက်ရှိတွေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ အခု ဆိုက်ဘေးရီးယား နေရာမှာ ကမ္ဘာမြေကြီး ရဲ့ကျောက်လွာတွေ ကွဲထွက်လာပြိး ချောရည်ပူတွေ မူတ်ထုတ်ပါတယ်။ အကျယ်အဝန်းအားဖြင့် အမေရိကန်နိုင်ငံလောက် ကျယ်ဝန်းပြီး နောက်ထပ်နှစ်ပေါင်း သိန်းငါးရာလောက်ထိ ကြာပါတယ်။ အဆိပ်သင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်သန်းပေါင်းများစွာ လေထဲကို ထုတ်လွတ်ပြီး ကမ္ဘာ့လေထုထဲမှာ ပိတ်မိနေပါတယ်။


လေထုအပူချိန် တစ်ရာကျော်ထိမြင့်တက်လာပြီး အပင်နဲ့ အပင်စားသတ္တဝါတွေ၉၅% သော မျိုးစိတ်တွေ သေကြေပျက်စီးကြရတယ်။ ရှင်သန်ကျန်ရစ်တဲ့ မျိုး စိတ်အနည်းငယ်ထဲမှာ ကျနော်တို့ နဲ့ နောင်တစ်ချိန် ဒိုင်နိုဆော ဖြစ်လာမယ့် မျိုူးစိတ်အချို့ပါတယ်။


မီးတောင်ပေါက်ပြီး နောက်နှစ်ပေါင်း သန်း၃၀ အကြာမှာ ကျနော်တို့ဟာ ကြောင် အရွယ်ရှိတဲ့ ပုတ်သင်ညို အကြိးစား တစ်ကောင်နဲ့ တူတယ်။ အသက်ရှင်ကျန်ရစ်သူတွေထဲမှာ အရပ်ငါးပေမြင့်တဲ့ ဟာရာရာဆောရပ်စ် herrerasaurus တွေလဲပါတယ်။သူတို့ဟာ ရေပုတ်သင်တွေကနေ ဆင့်ကဲပြောင်းလဲ လာကြတာပါ။


                                                                 herrerasaurus


ကျနော်တို့ ဘိုးဘွားဘီဘင်တွေဟာ လိုက်လျောညီထွေ ပြောင်းလဲမှု့မှာ အင်မတန်လျင်မြန်တယ်။ သန်မာ ပြီး အမြဲဆာလောင်နေတဲ့ ဒိုင်နိုဆောတွေနဲ့ ပြိုင်ပွဲစတင်ပါပြီ။ ကျနော်တို့ရဲ့  မျော်လင့်ချက်က သဘာဝတရားကြီးပေါ်မှာပဲ မူတည်ပါတယ်။ နောင်နှစ်သန်းပေါင်းများစွာ ကျနော်တို့ဟာ ဒိုင်နိုဆောတွေရန်ကလွန်အောင်  သေးကွေးသွားပြီး မြေတွင်းတွေထဲမှာ နေထိုင်ပါတယ်။


နောင် နှစ်ပေါင်း ၂၂ သန်းအတွင်းမှာတော့ ကျနော်တို့ဟာ အာရုံတွေ ပိုမိုထက်မြက်လာပြီး နားရွက်တွေ ဖြစ်ထွန်းလာတယ်။ ဒိုင်နိုဆောတွေ ကိုယ့်ကို မမြင်ခင် ရှောင်တိမ်းဖို့ အနံခံတတ်လာတယ်။ ဦးနှောက်အတွင်းမှာ Neocotex တွေပေါ်လာပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အလိုအလျောက်တုံ့ပြန်တတ်လာတယ်။ အဲ့ဒီ အရာတွေကပဲ တစ်နေ့မှာ စိတ်ကူးညဏ်တွေ တီထွင်နိုင်စွမ်းတွေ ဘာသာစကားတွေကို ဖန်တီးလာမှာပါ။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်း


့ ကျနော်တို့ဟာ နှစ်လက်မသာသာရှိတဲ့ ကြွက်တူ သတ္တဝါ ဖြစ်လာပါပြီ။ လူသားတွေရဲ့ အနာဂတ်ဆိုတာ ဒီကြွက်တူ သတ္တဝါလေးရဲ့ အစွမ်းထက်တဲ့ အာရုံခံနိုင်စွမ်း၊ လျှင်မြန်တဲ့ ဦးနှောက်ပေါ် အများကြီးမူတည်နေပါတယ်။ တခုခု အမှားအယွင်းရှိတာနဲ့ လူဆိုတာ ဘယ်တော့မှာ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။


ဒိုင်နိုဆောတွေ ပေါ်ပေါက်လာတာဟာ လူသားတွေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။ သူတို့ကြောင့် ကျနော်တို့မှာ အင်မတန်အစွမ်းထက်လှတဲ့ အာရုံခံနိုင်စွမ်းတွေ၊ မြန်ဆန်လှတဲ့ ဦးနှောက်တွေ ရရှိလာတယ်။ သူတို့သာမရှိရင် ကျနော်တို့ဟာ ဥဥတဲ့ အဆင့်ပဲရှိဦးမှာပါ။ နောက် မျိုးဆက်တွေကို ဒိုင်နိုဆောတွေရန်က ကာကွယ်ဖို့ ကြွက်တူ သတ္တဝါတွေဟာ ဥ မဥဘဲ အကောင်လိုက်မွေးလာကြတယ်။ အကောင်ပေါက်လေးတွေ သူ့ဟာသူ အစာရှာစားမယ့်အစား၊ နို့တိုက်ကြီးပျင်းစေတယ်။ ဒါဟာ လူ့သမိုင်းဖြစ်စဉ်မှာ ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲမှု့ပါ။


ဒီအကောင်သေးသေးလေးကနေ လူတို့ ဝေလငါးတို့ အထိ မျိုးစိတ်ပေါင်း လေးထောင်ကျော် ပွားများလာတယ်။ နို့တိုက် သတ္တဝါတွေ ဖြစ်ပေါ်လာပါပြီ။ ကျနော်တို့ ဒီလိုပုံစံဖြစ်လာအောင် ဒိုင်နိုဆောတွေက ကူညီခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ဟာ မုဆိုးဘဝကို ဆုံးရုံးခဲ့ပါတယ်။ ဒိုင်နိုဆောတွေဟာ နောက်ထပ် နှစ်သန်းပေါင်း ၁၆၅ နှစ် တိုင်အောင် ကြီးစိုးခဲ့ပါတယ်။ သူတို့ကို ဘယ်သူမှ မထိန်းချုပ်နိုင် ကြပါဘူး။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၅ သန်း


 မိုင်ပေါင်း ၁၈၀၀ လောက်ဝေးတဲ့ အခုမက္ကဆီကို ကျွန်းဆွယ် နေရာမှာ ဥက္ကာခဲတစ်ခု ကျရောက်လာပါတယ်။ ခပ်သေးသေး ကြွက်တူ သတ္တဝါလေးဟာ သူ့အသက်လွတ် အောင်ပြေးရမယ့် အခြေအနေရောက်လာပါပြီ၊


ကျောက်တုံးတွေ စိစိညက်ကြေသွားပြီး ကမ္ဘာမြေကြီတစ်ခုလုံး ဖုန်မှုန့်တွေ လွမ်းကုန်ပါတယ်။ ကြွက်ကလေး အသက်ရှင်ဖို့က မြေကြီးကို တူးနေဖို့ပဲ ရှိပါတော့တယ်။ မီးခိုးတွေနဲ့ ပြာမှုန်တွေဟာ နေရောင်ခြည် မဝင်ရောက်နိုင်အောင် ကာထားသလိုပါပဲ။ သဘာဝပေါက်ပင်တွေ အကုန်သေဆုံးကုန်တယ်။ ဒိုင်တွေဆောတွေတော့ ပြဿနာတက်နေပါပြီ။ သူတို့ဟာ အကောင်ကြီးသလောက် အစာချက်နုန်းမြန်ကြတယ်။ အစာ မရှိတော့ ဒိုင်နေဆောတွေ မရှေးမနှောင်း သေကုန်ကြရတယ်။


အကောင်ကြီးတွေ မရှိတော့ အကောင်သေးတွေ အတွက် အခွင့်အလမ်း ပိုများလာတယ်။ ပေါများလာတဲ့ ပိုးကောင်တွေဟာ ကြွက်တူ သတ္တဝါလေးအတွက် အစာ ဖြစ်လာပြန်တယ်။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၄


 ကျနော်တို့ရဲ့ ပိုးကောင်စား ကြွက်တူလေးဟာ ၆လက်မလောက် ရှိလာပါပြီ။ နို့တိုက်သတ္တဝါတွေဟာ ကုန်းပေါ်မှာ အင်အားအကြီးဆုံး ဖြစ်လာပြန်ပါတယ်။ သူတို့ဟာ အသစ်ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ ကုန်းမြေတွေပေါ်ကို ဖြန့်ကျက်နေပါတော့တယ်။


နှစ်ပေါင်း သန်း ၆၀ လောက်အရောက်မှာတော့ အသီးတွေ ဟာ သစ်ပင်တွေပေါ်မှာ ပေါ်များလာပါပြီ။ အသီးအနှံတွေ ပိုစားလေလေ ကျနော်တို့ အသက်ပိုရှည်လာလေလေ ပါပဲ။ နောက်မျိုးစိပ်တွေ မှာတော့ သစ်ပင်ပေါ် နေလာကြပါတယ်။ ကမ္ဘာအသစ်ကြီးက ခန္ဓာကိုယ် အသစ်တွေ တောင်းဆိုနေပါတယ်။



နှစ်သန်းပေါင်း ၅၆ နှစ်


 ကျနော်တို့ဟာ ပရိုင်းမိတ်တွေအဖြစ် ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်နေပါပြီ။ ကမ္ဘာကြီး နောက်တစ်ခါပြောင်းလဲပါဦးမယ်။ နှစ်ပေါင်း ဆယ်သန်းလောက်ကြာအောင် အပူချိန် အပြောင်းအလဲဖြစ်ခဲ့တဲ့အတွက် သစ်တောတွေ ပျက်ဆီးပြီး သေးငယ်လာတယ်။ အစာရှာဖို့ ခက်ခဲ လာကြတယ်။ သဘာဝတရားရဲ့ ရွေးချယ်မှု့က ဝင်ရောက် ကူညီရပြန်ပါပြီ။


ကျနော်တို့ရဲ့ ပထမဆုံး ပရိုင်းမိတ်တွေဟာ အမြီးတွေ မြီးညောှင့်ရိုးထိ  တိုဝင်သွားကြတယ်။ သင်ပင်တွေအကြား ခုန်နေရာကနေ လက်ကိုအားပြုပြီး ဆွဲခို လာကြပြန်တယ်။ လက်တွေရှည်လာပြီး ပိုမိုပျော့ပြောင်း လာတယ်။ အပူချိန်ပြောင်းလဲမှု့တွေဟာ ကျနော်တို့ မျိုးစိတ်တွေကို ပြောင်းလဲမှု့ဖြစ်စေတယ်။ ကမ္ဘာကြီးပြောင်းလဲမှု့ မပြီးသေးပါဘူး။


ကမ္ဘာကြီးရဲ့ အတွင်းပိုင်း ကျောက်လွာတွေ ရွေ့လျားနေပါတယ်။ အာဖရိကနဲ့ အာရေဘီယန် မြေလွာချပ်တို့ ဝေးကွာသွားပြိး သူတို့ကြားထဲကမြေနိမ့်ဆင်းသွားစေတယ်။ တစ်ဘက်စီမှာတော့ မိုင်ပေါင်း ၃၅၀၀လောက်ရှည်တဲ့ တောင်တန်းတခုစီ ဖြစ်ပေါ်စေပြန်တယ်။ အိန္ဒိယ သမုဒ္ဒရာထဲကရေတွေ ဝင်ရောက်လာပြိး တောင်တန်းနှစ်ခု အဆက်အသွယ်ပြတ်တောက်သွားတယ်။ အစားအစာတွေ ရှားပါးသွားပြီး ကျနော်တို့ အသက်ရှင်ဖို့ ခက်လာပြန်ပါပြီ။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄့၄ သန်း


 ဆဲလ်တစ်လုံး သက်ရှိကနေ ပရိုင်းမိတ်ဘဝအထိ ရှန်သန်အောင် အမျိုးမျိုး ကြိုးစားခဲ့တဲ့ ကျနော်တို့ ဟာ ကြီးမားတဲ့ အပြောင်းအလဲတခု စတင်ပြန်ပါပြီ။ နှစ်ပေါင်း သုံးသန်းလောက် ဆင့်ကဲပြောင်းလဲမှု့ လုပ်ခဲ့တဲ့ ကျနော်တို့ဟာ လေးပေရှည်ပြီး ပေါင်၈၀ လောက်ရှိတဲ့ အာဒီပီးသီးကပ်စ် ရမီးဒပ်စ် ardipithecus ramidus ဘဝရောက်နေပြီး ဦးနောက်က လိမ္မော်သီးလောက်ရှိနေပါပြီ။


                                                           ardipithecus ramidus



ကျနော်တို့ရဲ့ ထူထပ်တဲ့ မိုးသစ်တောတွေဟာ အခုဆို ဟိုတစ်ပျောက် ဒီတစ်ပျောက်နဲ့ ကျဲပါးလာတယ်။ သစ်ပင်ပေါ် အစာရှာနေတာကနေ စွန့်လွတ်ရပါတော့မယ်။ ကျနော်တို့ဟာ ပထမဆုံး အနေနဲ့ ခြေထောက်နှစ်ချောင်းပေါ် စရပ်ပြီး လမ်းလျောက်ပါပြီ။ လမ်းလျောက်ခြင်းကြောင့် မြေနိမ့် သစ်ပင်တွေဆီ ပိုရောက်နိုင်ပြိး သစ်ပင်မတက်ရတော့လို့ အားနေတဲ့ လက်တစ်စုံက အသီးတွေ ခူးလာနိုင်ပါတယ်။



အာဒီပီးသီးကပ်စ် တွေဟာ သင်ယူမှု့ လျှင်ပြန်ပါတယ်။  နောင် နှစ်ပေါင်း ၁.၂ သန်းကြာတဲ့အခါ ကျနော်တို့ဟာ ပိုဝေးဝေးသွားနိုင်လာပြိး ပိုမြန်မြန် လျောက်နိုင်လာကြတယ်။ နေစရာ၊ ကြင်ဖော်၊ စားစရာ ရှာဖို့ ပိုမိုလွယ်ကူူလာတယ်။ ဒါပေမယ့် ညှပ်ရိုးကျဉ်းလာတာမို့ ဖွံ့ဖြိုးပြီးကလေးမွေးဖို့ရာတော့ ခက်ပါတယ်။ ဒါကြောင့် ဦးခေါင်းတွေသေးလာပြီး ကလေး အပြည့်အစုံ မဖွံ့ဖြိုးခင် မွေးလာကြတယ်။ ဒါကြောင့် ကျနော်တို့ဟာ ကလေးတွေကို နှစ်အတန်ကြာ ချီပိုးထားရတဲ့ အနည်းငယ်သော မျိုးစိတ်တွေထဲက တစ်ခုဖြစ်လာတယ်။ သူတို့ကို နို့တိုက်ရတယ် ကာကွယ်ထားရတယ်။



လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃.၂ သန်း


 သြစတြာလို ပီသီးကပ်စ် australopithecus afarensis ဖြစ်လာပါပြီ။


                                                                Australopithecus afarensis

ဦးနှောက်က ရှောက်ပန်းသီးအရွယ် လောက်ရောက်လာပြီး အမြဲတမ်း ခြေထောက်နဲ့ပဲ လျောက်ပါတော့တယ်။ ခြင်္သေ့လို သားရဲတိစ္ဆာန်တွေ ရန်ကလွတ်ဖို့ အတွက် ကျနော်တို့ ဦးနှောက်ကို ပဲအသုံးပြုရပါတော့မယ်။ သဘာဝတရားကြီး က မေးရိုးကြွက်သားတွေကို သေးငယ်စေပြီး လွတ်သွားတဲ့နေရာမှာ  ဦးနှောက်ကို ၂ဆ ကြီးမားစေပြီး  အစွမ်းထက်အောင် လုပ်ဆောင်ပေးတယ်။





လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂့ ၃သန်း


ဒိအချိန်မှာ  Handyman လို့ လူသိများတဲ့  homo habilis တွေကိုတွေ့နေရပါပြီ







ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျောက်ပြီး ကြီးမားတဲ့ ဦးနှောက်ရှိတဲ့  ပထမဆုံးလူသားပါ။ သူတို့ဟာ ကြီးမားသန်စွမ်းလာပြီး ပိုမိုဆာလောင်လာကြတယ်။ အမဲလိုက်စရာသားကောင်တွေရှိပေမယ့် ကိုယ်ကမစားရခင် သူတို့ကစားသွားနိုင်ပါတယ်။ သူတို့ဟာ တစ်ဦးတည်း ခြေဦးတည့်ရာသွားလေ့ရှိပြီး လမ်းမှာတွေ့ရာ စားကြတယ်။ ဒီလိုသွားရင်လာရင်းနဲ့ပဲ ကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုလို့ရမှန်း သိသွားကြပြန်တယ်။ ဒီလိုလက်နက်နဲ့ဆို ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါပြီ။


လွန်ခဲ့တဲ့ နှစ် သန်းပေါင်း သုံးထောင်ကျော်ကစခဲ့တဲ့ ဆင့်ကဲပြောင်းလဲမှု့ဖြစ်စဉ် ပြီးတဲ့နောက် အခုဆိုရင် ကျနော်တို့ ကံကြမ္မာဟာ ကျနော်တို့ လက်ထဲကို ရောက်နေပါပြီ။ လက်နက်ကိရိယာကို တီထွင်နိုင်တာ ကျနော်တို့လူသားမျိုးစိတ်တွေပဲ ရှိတာပါ။ အခုချိန်လို ရန်သူပတ်လည်ဝိုင်းတဲ့ အခြေအနေမှာ ကျနော်တို့ ဟာ လက်နက်ကိရိယာကို အသုံးပြုပြီး သားရဲတိရိစ္ဆာန်တွေကို တိုက်ခိုက်နိုင်ပါတယ်။ အသီးအနှံစိုက်တဲ့နေရာမှာ လဲအသုံးပြုနိုင်ပါတယ်။ ကျနော်တို့ လက်တွေဟာ သန်မာလာပါတယ်။ အခုချိန်မှာ ဘောပင်တို့ ကော်ဖီခွက်တို့ ကိုင်နိုင်တာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း  ၂.၃ သန်းကျော်က လက်နက်ကိုတွေ့ရှိခဲ့တဲ့ ပြီး ကျနော်တို့ရဲ့ ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲမှု့ အကျိုးဆက်တွေပါ။


ကျနော်တို့ဟာ ဘိုးဘွားတွေ့ရဲ့ သမိုင်းကို သူတို့အရိုးစုတွေ အခြေခံပြီး တစ်စခြင်းပုံဖော်လေ့လာခဲ့ကြတယ်။ အရိုးစုတွေအများဟာ ပျောက်ဆုံးနေပြီး ကျနော်တို့ ရဲ့ မျိုးရိုးစဉ်ဆက် ဆင်းသက်ပုံ ဟာ မေးခွန်းထုတ်စရာ အများကြီးရှိနေပါသေးတယ်။


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၈ သန်း


ဒီအချိန်မှာတော့ ကျနော်တို့ဟာ မျိုးစိတ်အသစ် ဟိုမို အီရပ်တပ်စ်ကို တွေ့နေရပါပြီ။



                                                                Homo erectus



ဒီမျိုးစိတ်ကျတော့  စုပေါင်းအမဲလိုက်မုဆိုးတွေ ဖြစ်နေပါပြီ။ မျိုးစိတ်တူချင်း ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ သိလာကြပြီ။ မမျော်လင့်ပဲ မီးကိုတွေ့ရှိရာကနေ အလင်း၊ နွေးထွေးမူ့နဲ့ အန္တရာယ်တွေက ကာကွယ်ပေးတာကို သိလာကြတယ်။ သဘာဝစွမ်းအားတွေ လူတွေ လက်ထဲရောက်လာပါပြီ။ အတူတကွပူးပေါင်း ဆောင်ရွက်လို့ အစားအစာတွေ ပိုရလာပြီး ပိုမိုအသက်ရှည်လာကြတယ်။ ဒါဟာ မိသားစုနဲ့ နေထိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ ဒီအလေ့အထဟာ အခုချိန်ထိအောင် ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။


မီးနဲ့  ချက်ပြုတ်စားသောက်ရင် အသားတွေဟာ ဝါးစားရပိုလွယ်တယ်ဆိုတာ သိလာကြတယ်။ ဒီကတစ်ဆင့် သိသာထင်ရှားတဲ့ ဆင့်ကဲပြောင်းလဲမှု့ဖြစ်စဉ်ကတော့ အခုခောတ် လူတွေရဲ့ ၃၅% ဟာ အံဆုံးပါမလာကြတော့ဘူး။ အစာကို ကြာကြာဝါးစရာမလိုတော့ ရှေးခောတ်လူတွေဟာ အားအင်တွေ ပိုလာတယ်။ ဦးနှောက်က အရင်ထက်စာရင် နှစ်ဆကြီးလာပြီး  ဘောလုံး အသေးစားအရွယ်လောက်ထိ ရောက်လာတယ်။ မိသားစုထဲ လူတွေများလာတာနဲ့ အမျှ ဆက်သွယ်စကားပြောဖို့ လိုအပ်လာပါတော့တယ်။


သဘာဝရဲ့ ရွေးချယ်မှု့က ဝင်ရောက်လာပြန်ပါပြီ။ လျှာဟာ ပုံသဏ္ဏန်ပြောင်းလာပြီး အောက်ကိုဆင်းသွားပါတယ်။ အသံအိုး ကို ဖြစ်ပေါ်စေပြီး လူတွေ ပါးစပ်က အသံအမျိုးမျိုး ထွက်ပေါ်လာနိုင်တယ်။ နောက်ပိုင်းမှာ စကားလုံးတွေ အဖြစ်ပြောင်းလဲ သွားတယ်။ ဘာသာစကားဆိုတာ လူတွေအတွက် အစွမ်းထက်တဲ့ လက်နက်တစ်ခုပါ။



လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂ သိန်း




ဒီအချိန်မှာ အသိညဏ်ရှိတဲ့ လူတွေဖြစ်တဲ့ Homo Sapiens ဖြစ်လာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းမှာတော့ ကျနော်တို့ Homo Sapiens နဲ့ ခောတ်ပြိုင် မျိုးကွဲလူတွေ မျိုးတုန်းကုန်ပြီး  Homo Sapiens တစ်မျိုးသာ ကျန်ပါတော့တယ် .... ကမ္ဘာပေါ်မှာ ဦးနှောက်အကြီးဆုံး သတ္တဝါတွေဟာ ကျနော်တို့ ပါ။ လက်နက်တွေကိုင်တတ်တယ် စကားပြောတတ်တယ်၊ စဉ်းစားညဏ်ရှိပြီး ကမ္ဘာကြီးရဲ့ ရှိသမျှနေရာတိုင်းကို ဖြန့်ကျက်သွားပါတော့တယ်။ စိန်ခေါ်မှု့အသစ်တွေ ပတ်ဝန်းကျင်အသစ်တွေနဲ့ နေသားတကျဖြစ်အောင် နေထိုင်ပြီး ကမ္ဘာကြီးကို စိုးမိုးနိုင်တဲ့အထိပါပဲ။ သမိုင်းကိုနောက်ပြန်လည်ကြည့်ရင် ကျနော်တို့ရဲ့ ဆင့်ကဲပြောင်းလဲမှု့ဟာ နောက်တခါ ပြန်စမယ်ဆိုရင်  ဖြစ်နိုင်ချေ သုညအဆင့်မှာပဲရှိပါတယ်။


Ref: where do humans come from by YAVAR ABBAS

No comments:

Post a Comment