စင်ကာပူ-
နယူးရောက်မြို့တော် အကျယ်အဝန်းလောက်ရှိတဲ့ ကျွန်းနိုင်ငံလေးမှာ လူဦးရေ လေးသန်းကျော် နေထိုင်ပါတယ်။ ဒီအင်္ဂလိပ် စကားပြော နိုင်ငံငယ်လေးဟာ နိုင်ငံတကာကလူတွေအတွက် ကောင်းမွန်တဲ့ဘဝ ဖန်တီးဖို့ရာ အခွင့်အလမ်းတွေ အပြည့်ပါပဲ။ စင်ကာပူရဲ့ မြေပြင် အထက်နဲ့အောက် နယ်ပယ်သိမ်းပိုက်မူ့ဟာ ရင်သပ်ရှူ့မောစရာကောင်းလှပါတယ်။
မြေနေရာ အကန့်အသက်သာရှိတဲ့ စင်ကာပူရဲ့ မြို့လယ်ခေါင်မှာတော့ နေရာပြုန်းတီးမူ့ မရှိရလေအောင် မိုးမျော်တိုက်ကြီးတွေ အများအပြားနဲ့ မြင့်မြင့်မားမား တည်ဆောက်ထားတယ်။ မြေအောက်ကိုကြည့်လိုက်ပြန်ရင်လည်း အင်ဂျင်နီယာတွေဟာ ဥမင် လှိုင်ခေါင်း အသွယ်သွယ်နဲ့ ရထားလမ်းတွေ ဖောက်လုပ်နေကြပါတယ်။ ဒီရထားလမ်းတွေဟာ မြို့လယ်ခေါင် အဓိကကျတဲ့ နေရာတွေကနေ လူဦးရေသိပ်မထူထပ်တဲ့ အခြားလူနေရပ်ကွက်တွေစီ နေ့စဉ် ပို့ဆောင်ပေးနေပါတယ်။
ဒီလို လူဦးရေ သိပ်မထူထပ်တဲ့ နေရာတစ်ခုကတော့ Little India ပါ။ မြို့လယ်ခေါင်ကနေ (6 Km) ကွာဝေးပြီး စီးပွားရေး တရှိန်ထိုး တိုးတက်နေတဲ့ စင်ကာပူနိုင်ငံရဲ့ အခြေခံအလုပ်သမား အများစုနေထိုင်တဲ့(အဲ့ဒီအချိန်က) နေရာဖြစ်တယ်။
Hotel New World
Little India က Owen Road နဲ့ Upper Serangoon Road ဆုံတဲ့ နေရာမှာတော့ (၁၉၇၁) ခုနှစ်ကတည်ဆောက်ထားတဲ့ Hotel New World အဆောက်အဦး တည်ရှိပါတယ်။ ဟိုတယ်ကို အာစီကွန်ကရစ်တိုင် (၃၆)တိုင်ပေါ် အခြေခံတည်ဆောက်ထားပြီး အထပ်(၆)ထပ် မြင့်တယ်။ မြေအောက်ခန်းမှာတော့ ကားရပ်နားစရာနေရာ၊ မြေညီထပ်က ဘဏ်ရုံးခန်းတစ်ခု ။
ကျန်တဲ့အထပ်တွေကို အလယ်အလတ်တန်းစား တည်းခိုခန်းနဲ့ နိုက်ကလပ်တစ်ခု ဖွင့်လှစ်ထားတယ်။ စင်ကာပူ အဆောက်အဦး တော်တော်များများရဲ့ ထုံးစံအတိုင်း ေခေါင်မိုးပေါ်မှာ အဲကွန်းအကြီးစားဖြစ်တဲ့ Chiller နဲ့ ရေပေးကန် ရှိနေပါတယ်။
ဟိုတယ်ဖွင့်ပြီးလို့ လေးနှစ်အကြာမှာ ဓါတ်ငွေ့ယိုစိမ့်ပြီး လူ(၃၅)ယောက်ကို ဆေးရုံတင်ခဲ့ရပြီး တစ်ယောက်မှ အထိအခိုက်မရှိခဲ့ပါဘူး။
နောက်ထပ် (၁၁)နှစ်အကြာ (၁၉၈၆) မတ်လ(၁၄)ရက်နေ့
အဲ့ဒီနေ့ကသောကြာနေ့ပါ.။ နိုက်ကလပ်က စားပွဲထိုး လီလီတေလာ တစ်ယောက် ညနေအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့တယ်။
ရုတ်တရက် ကပွဲခန်းမက ကွန်ကရစ်တိုင် တစ်တိုင်ဟာ ရုတ်တရက် ကွဲအက်သွားတယ်။ သူမဟာ ချက်ချင်းဆိုသလို အဆောက်အဦးပိုင်ရှင်ဆီ အကြောင်းကြားခဲ့တယ်။ နိုက်ကလပ် စဖွင့်ပါပြီ။ သိပ်မကြာခင် အလုပ်သမားတစ်ချို့ ရောက်လာပြီး အက်ကွဲကြောင်းတွေကို ဖာထေးပြုပြင်ခဲ့ပြန်တယ်။ နိုက်ကလပ်ကလူတွေဟာ အလုပ်သမားတွေကို သိပ်သတိမထားမိကြဘဲ ဆက်လက်ကခုန်နေတယ်။
ည ၉း၁၅ နာရီ
ကပွဲခန်းမထဲမှာ လူတွေပြည့်နေပါပြီ။ အလှပြင်ခန်းထဲမှာတော့ မိန်းကလေးတစ်ယောက်ဟာ မှန်တင်ခုံရှေ့မှာ အလှပြင်နေတယ်။ ရုတ်တရက်ပဲ မှန်တင်ခုံရှေ့က မှန်ဟာ ကွဲအတ်သွားပါတယ်။ စင်ကာပူ နိုင်ငံသားတွေတော်တော်များများဟာ တခြားနိုင်ငံတွေလိုပဲ မှန်ကွဲတာ ကံမကောင်းဘူးလို့ ယုံကြည်လေ့ရှိတယ်။ ကပွဲခန်းမကလူတွေကတော့ ရုံးပိတ်ရက်စပြီဖြစ်လို့ ပျော်ရွင်စွာကခုန် နေကြတာပါ။ ဒီအဆောက်အဦးမှာ ပြဿနာရှိနေပြီဆိုတာ ဂရုမစိုက်နိုင်ကြသေးပါဘူး။
မတ်လ (၁၅)ရက် (၈)နာရီ
ချောင်ချန်ဂွမ်း ဟာ မြေညီထပ်မှာရှိတဲ့ ဘဏ်က လက်ထောက်မန်နေဂျာ တစ်ယောက်ပါ။ သူဟာ မကြာသေးခင်ကမှ လက်ထပ်ထားတဲ့ ဇနီးဖြစ်သူနဲ့ အတူ ပန်းခြံငယ်လေးကိုဖြတ်ပြီး ဘဏ်ရှိရာလျောက်လာနေပါတယ်။ သူတို့နှစ်ယောက်ဟာ များမကြာခင်မှာ သြစတြေးလျားနဲ့ နယူးဇီလန်ကို ပျားရည်ဆမ်းခရီးထွက်ဖို့ စီစဉ်ထားကြတယ်။ ဘဏ်နားရောက်တော့ သူတို့နှစ်ယောက်လမ်းခွဲခဲ့ပြီး ညနေပြန်ဆုံကြဖို့ပြောရင်း နုတ်ဆက်ခဲ့ပါတယ်။
ချောင်ချန်ဂွမ်း တို့ဘဏ်မှာ ဝန်ထမ်း(၁၇) ယောက်ရှိတယ်။ သူတို့ဟာ မိသားစုတွေလို အသင်းအဖွဲ့လို တက်ညီလက်ညီ ရှိလှတယ်။ ဝန်ထမ်းတွေထဲမှာ အသက်(၂၁)နှစ်အရွယ် ခရစ္စတီးနား တစ်ယောက်လဲ အပါအဝင်ဖြစ်တယ်။ ဒီဘဏ်ကိုသူရောက် လာတာ သုံးလလောက်ပဲ ရှိသေးတယ်။ သူကအပေါ်ထပ်မှာရှိတဲ့ နိုက်ကလပ်ကို မရောက်ဖူးပါဘူး။ သူမထိုင်တဲ့နေရာဟာ မနေ့ညက ကပွဲခန်းမမှာ အက်ကွဲနေတဲ့ ကွန်ကရစ်တိုင်ရဲ့ ဘေးမှာဆိုတာ မသိခဲ့ဘူး။
နံနက် (၁၀း၁၀) နာရီ
ဘဏ်ကိုလာတဲ့ သူတစ်ယောက်က အမောတကောပြေးလာပြီး ဘဏ်ပြိုကျတော့မယ်လို့ မန်နေဂျာဆီ လာပြောတယ်။ ချောင်နဲ့ ခရစ္စတီးနားတို့ အပြေးအလွားဆင်းကြည့်တဲ့အခါ ကွဲအက်နေတဲ့ တိုင်ကို ပြုပြင်နေတဲ့ အလုပ်သမားနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူတို့က ဘာမှမဖြစ်ပါဘူး စိတ်အေးအေးထားပါ ဆိုတာနဲ့ သူတို့လဲ အပေါ်ပြန်တက်လာတယ်။
သူတို့ရဲ့ အပေါ်ထပ်က ဟိုတယ်ဧည့်ကြိုဌာနမှာတော့ ဝန်ထမ်းတွေဟာ ကွန်ကရစ်တိုင်တွေ အက်ကွဲလာပြီး အက်ကြောင်းရာတွေ ကြီးသထက်ကြီးလာတယ်။ မြေညီထပ်က ဘဏ်မှာရှိတဲ့ ချောင်နဲ့ ခရစ္စတီးနားတို့ဟာ နောက်ထပ်ထပ်ဖြစ်တဲ့ ပြသနာတွေကို မသိတော့ပါဘူး။ အပေါ်ထပ်မှာတော့ အဆောက်အဦးကို ထောက်ပံ့ထားတဲ့ ကွန်ကရစ်တိုင်တွေဟာ တဖြည်းဖြည်း အက်ကွဲလာပါပြီ။ Hotel New World အဆောက်အဦး တစ်ခုလုံးပြိုကျပါတော့မယ်။
နံနက်(၁၁း၂၂)နာရီ
လက်ထောက်မန်နေဂျာ ချောင်ဟာ သူ့ဇနီး စာမေးပွဲဖြေနိုင်ရဲ့လားလို့ တွေးတောနေပါတယ်။ ခရစ္စတီးနားဟာ သူမအလုပ်တွေကို လတ်စသတ်နေတုန်းမှာပဲ ကျယ်ကျယ်လောင်လောင် အသံတစ်ခုကြားလိုက်ရတယ်။ အဆောက်အဦးအပိုင်းအစတွေ ပြုတ်ကျလာတာပါ။ ဒါပေမယ့် ဘာဖြစ်တယ်ဆိုတာ သူမ မသိသေးပါ။ ချက်ချင်းဆိုသလို အဆောက်အဦး တုန်ခါလာတာကို ခံစားသိရှိလိုက်တယ်။
နံနက်(၁၁း၂၆)နာရီ
အဆောက်အဦးတစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်နေပြီး အဆောက်အဦးတစ်ခုလုံး ကွဲအက်ပြီး တစ်စစီပြိုကျခဲ့ပါတယ်။ တစ်မိနစ်အတွင်းမှာပဲ Hotel New World ဟာ ကွန်ကရစ်ပုံကြီးဖြစ်သွားခဲ့တယ်။ ကွန်ကရစ်တန်ချိန် ထောင်ပေါင်းများစွာကြားမှာ အဆောက်အဦးထဲကလူတွေ ပိတ်မိကုန်ပါပြီ။
ချောင်၊ ခရစ္စတီးနားနဲ့ ဘဏ်ဝန်ထမ်းတစ်ချို့ဟာ ကားရပ်နားတဲ့ မြေအောက်ခန်းထဲကို ပြိုဆင်းသွားကြတာပါ။ သူတို့ဟာ ပထမတော့ ဘာမှမမြင်ရတော့ဘူး။ ဘာသံမှလဲမကြားရတော့ဘူး။ ကွန်ကရစ်ပုံ အပျက်အစီးကြီးက ပိနေတဲ့အတွက် လှူပ်လဲမလှူပ်နိုင်ကြတော့ဘူး။
မြေပြင်ပေါ်မှာတော့ အနီးအနားဝန်းကျင်ကလူတွေဟာ အပျက်အစီးပုံကိုလူအားနဲ့ ဖယ်ရှားရင်း အသက်ရှင်သူတွေ့လိုတွေ့ငှား ကြိုးစားရှာဖွေနေကြတယ်။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မတွေ့ကြပါဘူး။ ရှစ်မိနစ်အကြာမှာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပါပြီ။ ဒီအဖြစ်အပျက်သတင်းဟာ သက်ဆိုင်သူတွေရဲ့ ဆွေမျိုးတွေဆီ ရောက်သွားပြီး အနီးအနားမှာ ရပ်ကြည့်ပူဆွေးနေရုံပဲ တတ်နိုင်ခဲ့ကြတယ်။
ချောင်ချန်ဂွမ်းရဲ့ ဇနီးဖြစ်သူဟာ သတင်းကြားကြားချင်း အပြေးလာရောက်ခဲ့တယ်။ သူမခင်ပွန်း ဘယ်နေရာမှာဆိုတာ သူမလဲ မခန့်မှန်းနိုင်ခဲ့ပါဘူး။ တကယ်တော့ သူမနဲ့ (၁၀) ကီလိုမီတာအကွာလောက်က အပျက်အစီးပုံကြားမှာ ချောင်တစ်ယောက် ပိတ်မိနေတာပါ။ ချောင်နဲ့အတူ ပိတ်မိနေတဲ့သူတွေဟာ ထိတ်လန့်တုန်လှုပ်နေတုန်းပါပဲ။ တစ်ချို့တွေက ကူပါကယ်ပါဆိုပြီး အော်ဟစ်ငိုကြွေးနေကြတယ်။ တစ်ချို့တွေက အပြင်းအထန်ဒဏ်ရာ ရထားကြတယ်။ ဘဏ်မန်နေဂျာ ချောင်ဟာ လူတွေကို စိတ်တည်တည် ငြိမ်ငြိမ်ထားကြဖို့ သူတို့ကို လူတွေလာကယ်လိမ့်မယ်ဆိုပြီး အားပေးနေပါတယ်။
အဆောက်အဦးပြိုကျပြီး နောက်တစ်နာရီအကြာ မြေပေါ်က အဆောက်အဦး အပျက်အစီးကြားကနေ ပထမဆုံး လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ သူမက ဟော်တယ်ရဲ့ ထိပ်ဆုံးလွာမှာတည်းတဲ့ နိုင်ငံခြားသားဧည့်သည် တစ်ယောက်ပါ။ သိပ်မကြာခင်မှာ စင်ကာပူနိုင်ငံသား ဈေးဆိုင်ပိုင်ရှင် နောက်တစ်ယောက် ရှာတွေ့ပြန်တယ်။ ကယ်ဆယ်ရေးသမားတွေဟာ အဆောက်အဦးထဲက လူစာရင်းကို ကြိုးစားပြုစုနေတယ်။ ပထမအဆင့်အနေနဲ့ လူ(၁၁)ယောက်ကို ရှာဖွေနိုင်ခဲ့ပြီး သေဆုံးတဲ့လူ (၁၇)ယောက်ရှိတယ်။ ချောင်နဲ့ ခရစ္စတီးနားတို့ အပါအဝင် ဘဏ်ထဲကလူပေါင်း (၂၀)ကျော် ပိတ်မိနေမယ်လို့ ခန့်မှန်းကြတယ်။ သူတို့အဖွဲ့က အဆောက်အဦးပျက်ရဲ့ အောက်ဆုံးမှာ ပိတ်မိနေကြတာပါ။
ည(၁၁း၃၀)နာရီ
ပြိုကျမူ့အပြီး ၁၂နာရီကျော်ပါပြီ။ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေကို ဖယ်ရှားပြီး ဘဏ်နေရာကို ရောက်ဖို့ ကြိုးစားနေတုန်းပါပဲ။ စက်ယန္တရား အကြီးတွေကိုသုံးပြီး ကွန်ကရစ်ပုံတွေကို မသယ်နေကြတာပါ။ အပျက်အစီးပုံတွေဟာ နောက်ထပ်ပြိုကျဖို့ သိပ်လွယ်ပါတယ်။ အပျက်အစီးပုံအောက်ကလူတွေဟာ ကွန်ကရစ်ပြားတွေ တုန်ခါလာပြီး သူတို့အပေါ် ပြိုကျလာနေတာကို ခံစားကြရတယ်။ သူတို့အပေါ်က အပျက်အစီးတွေဟာ ခန့်မှန်းခြေ တန်ခြောက်ထောင်လောက်လေးတယ်။
ချောင်ဟာ အပျက်အစီးပုံကြားမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကို တွေ့တယ် ကွန်ကရစ်တိုင်ဟာ သူ့သူငယ်ချင်းပေါ်ပိနေတာပါ။ ချောင်တစ်ယောက် ကွန်ကရစ်တိုင်ကို အားရှိသမျှ တွန်းဖယ်ပေးပေမယ့် မရပါဘူး။ နောက်တစ်ခါကြည့်လိုက်တော့ သူ့သူငယ်ချင်းဟာ သေဆုံးခဲ့ပါပြီ။
နောက်ထပ်ပြိုကျမူ့က လေဝင်ရောက်မူ့ကို အဟန့်အတားဖြစ်စေတယ်။ သူတို့ အောက်စီဂျင်ပြတ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
ချောင်နဲ့ နောက်ထပ် နှစ်မီတာ အကွာမှာတော့ ခရစ္စတီးနား တစ်ယောက် ကွန်ကရစ်အပြားတွေအောက်မှာ လှူပ်မရပါဘူး။ သူမ မသေချင်သေးဘူးလို့ တွေးနေမိတယ်။
မြေပြင်ပေါ်က ကယ်ဆယ်ရေးသမားတွေဟာ သိပ်ခရီးမတွင်လှဘူး။ ချောင်တို့ဆီရောက်ဖို့ဆို ရက်တော်တော်များများ ကြာဦးမယ်။ အောက်ဆီဂျင်ကလည်း တစ်ဖြည်းဖြည်း နည်းသထက်နည်းလာတယ်။
ဟိုတယ်ပြိုကျတဲ့နေရာနဲ့ မနီးမဝေးမှာ ရထားလမ်းဆောက်လုပ်ဖို့ရောက်နေတဲ့ ဥမင်လှိုင်ခေါင်း ကျွမ်းကျင် အင်ဂျင်နီယာ တစ်ဖွဲ့ဟာ ကယ်ဆယ်ရေးသမားတွေ အလုပ်လုပ် လုပ်ပုံကို လှမ်းအကဲခတ်နေပါတယ်။ သူတို့က တော်မီဂလက်ဂါ၊ သောမတ်စ်မူလာရီ၊ ပက်ထရစ်ဂလက်ဂါ၊ မိုက်ကယ် ပရန်ဒါဂတ်စ်၊ မိုက်ကယ်စကော့ နဲ့ တန်ဂျွန်သွန်းတို့ဖြစ်တယ်။
အဆောက်အဦးပျက်ပေါ်ကို စက်ယန္တရားအကြီးတွေနဲ့ ရှင်းလင်းတာဟာ အောက်မှာပိတ်မိတဲ့သူတွေအပေါ် ထပ်ပြိုကျမှာ သူတို့စိုးရိမ်နေကြတယ်။ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲဆီကို သူတို့အမြင်ပြောပြပြီး သူတို့ပူးပေါင်းပါဝင်မူ့ကို လက်ခံဖို့ တောင်းဆိုခဲ့ကြတယ်။
သူတို့ရဲ့အကြံက အပေါ်ကနေဖယ်မယ့်အစား အဆောက်အဦးပျက်ရဲ့ အောက်ခြေကနေ ဥမင်လှိူင်ခေါင်းတူးပြီး လူတွေကို ကယ်ထုတ်ဖို့ပါပဲ။ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ တော်တော်ခက်တဲ့အဖြစ်ပါ။ နောက်ဆုံးမှာတော့ သူတို့အဆိုကို လက်ခံလိုက်တယ်။
တကယ်တော့ အိုင်းရစ်အင်ဂျင်နီယာတွေဟာ ပိတ်မိနေတဲ့သူတွေ ဘယ်နားမှာဆိုတာ သေချာမသိပါဘူး။ အမြန်ဆုံးနည်းဖြစ်တဲ့ ကားရပ်နားခန်းကို လေစုပ်ထုတ်တဲ့ လေပိုက်လမ်းကြောင်းကနေ ဝင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့နဲ့ ပါလာတဲ့ ကယ်ဆယီ်ရေးကင်မရာကနေ အောက်ကအပျက်အစီးကို မြေပြင်ပေါ်ကတန်းမြင်နိုင်တယ်။ သူတို့ဟာ ရေဒူးလောက်မြုပ်နေတဲ့ ကားရပ်နားခန်းထဲက ပျက်စီးနေတဲ့ကားတွေကို ခက်ခက်ခဲခဲ တွန်းဖယ်ပြီး ဝင်ရောက်ခဲ့ကြတယ်။ ကားရပ်နားခန်းထဲမှာ ဓါတ်ဆီနံ့တွေက လွင့်ပျံနေတာပါ။
မီးပွားစသေးသေးလေးတစ်ခုကတောင် ပေါက်ကွဲမူ့ကြီးထပ်ဖြစ်နိုင်တယ်ဆိုတာ သူတို့ရိပ်မိတယ်။ တကယ်တော့ ကားရပ်နားခန်းဟာ တကယ့်အန္တရာယ်နေရာပါ။
သူတို့အဖွဲ့ဟာ အပြင်ကို ခဏပြန်ထွက်ပြီး ကားရပ်နားခန်းက ရေနဲ့ ဓါတ်ဆီတွေကို စုပ်ထုပ်ဖို့ စီစဉ်ကြပြန်တယ်။ ပြီးတော့မှ ဟိုက်ဒရောလစ်ဂျက်အသေးစားနဲ့ အပျက်အစီးတွေကို မ ပြီး ဥမင်လှိုူင်ခေါင်း စတူးပါတော့တယ်။ နောက်ထပ် (၇)နာရီကြာအောင် ခက်ခက်ခဲခဲတူးနေတုန်း သူတို့တူးတဲ့ဥမင် ပြိုကျပြန်ပါတယ်။ တော်မီနဲ့သူ့အဖော်ကို အမြန်ဆွဲထုတ် လို့ လက်မတင်လေးလွတ်သွားတယ်။ သူတို့ တူးခဲ့တဲ့ ဥမင်ပိတ်သွားပြန်ပါပြီ။
ချောင်နဲ့ခရစ္စတီးနားတို့ အမှောင်ထဲမှာ ပိတ်မိနေတာ (၃၂)နာရီကြာပါပြီ။ ကယ်ဆယ်ရေးအဖွဲ့တွေ သူတို့ဆီကို လာမလားဆိုတာ သူတို့လဲသေချာမသိပါဘူး။
အပြင်ဘက်မှာတော့ ဥမင်လှိူင်ခေါင်းအင်ဂျင်နီယာတွေဟာ နောက်ထပ် ဥမင်လှိုင်ခေါင်း (၃)ခု တူးပြန်ပါပြီ။ သူတို့နဲ့မဆိုင်တဲ့ကိစ္စမှာ သူတို့အသက်ကို ပဓါနမထားပဲ ဇွဲရှိရှိလုပ်နေကြတာကို စင်ကာပူနိုင်ငံသားတွေ အံသြမဆုံးဖြစ်ခဲ့ကြရပါတယ်။ ဥမင်(၂)နဲ့ (၃)ကို အရှေ့တောင်ဘက်ကနေတူးပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ကွန်ကရစ်နံရံ တစ်ခုခံနေလို့ ဆက်သွားလို့ မဖြစ်နိုင်ပါဘူး။ ဥမင်အမှက်(၁)ကလဲ အန္တရာယ်ကြီးတုန်းပါပဲ။
ဥမင်(၄)ကို အနောက်မြောက်ဘက်ကနေ တစ်ညလုံးဖောက်ခဲ့ကြတယ်။ တော်မီနဲ့သူ့အဖော် ဟာဥမင်တစ်လျောက် ကားတွေကိုဖြတ်ကျော်ပြီး ဝင်ရောက်နိုင်ခဲ့တယ်။
ချောင်နဲ့ခရစ္စတီးနားပိတ်မိနေတာ နှစ်ရက်ကျော်ကြာပါပြီ။ သူတို့ကိုယ်တိုင်တော့ အချိန်ဘယ်လောက်ရှိပြီဆိုတာ မသိခဲ့ကြပါဘူး။ ရုတ်တရက်ဆိုသလို ဆူဆူညံညံအသံကို ချောင်ကြားလိုက်တယ်။ ချောင်ဟာ ကယ်ဆယ်ရေးသမားတွေ လာနေပြီဆိုတဲ့အသိနဲ့ အနားကသံချောင်းကို ခေါက်ပြိးအချက်ပြလိုက်တယ်။ တော်မီဟာ ချောင်နဲ့ခရစ္စတိးနားတို့နဲ့ အနီးဆုံးနေရာကိုသွားလိုက်တယ်။ သူတို့ကြားထဲမှာ ကွန်ကရစ်တိုင်ကြီးခံနေပြန်တယ်။ ဒီတိုင်ကြီးက အပျက်အစီးတွေကို ထမ်းထားတာပါ။
တန်(၆၀၀၀)ကျော် ကွန်ကရစ်အပျက်အစီးတွေဟာ ခရစ္စတိးနားရဲ့ ခေါင်းပေါ်တည့်တည့်လောက်မှာရှိတယ်။ အင်ဂျင်နီယာတွေအဖို့ ရွေးချယ်စရာမရှိပါဘူး။ ဒီကွန်ကရစ်တိုင်ကြီးကို ဖြတ်ထုတ်ရပါတော့မယ်။ တော်မီနဲ့သူ့အဖေါ်ဟာ ကွန်ကရစ်တိုင်ကို ဖြတ်ထုတ်ရာမှာ ထင်တာထက်ပိုလွယ်နေတာကို အံသြတကြီး သိလိုက်ရတယ်။ ချောင်တစ်ယောက် ကယ်ဆယ်ရေးသမားတွေကို မြင်ရပါပြီ။ နောက်ဆုံးမှာတော့ ချောင်ဟာ ပြင်ပအလင်းရောက်အောက်မှာ လမ်းလျောက်ပြီး ထွက်လာနိုင်ခဲ့ပါပြီ။ ခရစ္စတီးနားပေါ်ပိနေတဲ့ အပိုင်းအစတွေက ပိုများပါတယ်။ သူမကိုတော့ နောက်ထပ် (၇)နာရီကြာမှ ကယ်ထုတ်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက်အပါအဝင် (၆)ယောက်ကို အပျက်အစီးတွေကြားထဲက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်။ ဒီ Hotel New World ပြိုကျခဲ့မူ့မှာ စုစုပေါင်း (၁၇)ယောက်ကယ်တင်နိုင်ခဲ့ပြီး (၃၃)ယောက် အသက်ဆုံးရုံးခဲ့ပါတယ်။
ဒီလိုဘာကြောင့်ပြိုကျခဲ့ရတယ်ဆိုတာကို စုံစမ်းဖို့အတွက် Structure Engineer တယ်ရီရှူးကို စုံစမ်းရေးအဖွဲ့ ဖွဲ့စေခဲ့တယ်။ သူဟာ စင်ကာပူရဲ့ အဓိကကျတဲ့ အဆောက်အဦးတွေ တည်ဆောက်ရာမှာ ပါဝင်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။ တယ်ရီဟာ ပြိုကျတဲ့နေရာကို သွားရောက်စစ်ဆေးလိုက်တာနဲ့ အံသြသွားရပါတယ်။ အဆောက်အဦးတစ်ခုလုံး ပြိုကျတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ စင်ကာပူနိုင်ငံသားတွေ အတွက်တော့ သွေးပျက်စရာပါပဲ။ တစ်နိုင်ငံလုံးက အထပ်မြင့်အဆောက်အဦးတွေမို့ စိုးရိမ်ချင်စရာပါ။ ဒီ Hotel New World ဟာဘာ့ကြောင့် တစ်မိနစ်အတွင်း ပြိုကျရတာပါလဲ။ အဖြေရှာမတွေ့မချင်းတော့ တည်ဆောက်ပုံဆင်တူတဲ့ စင်ကာပူတစ်နိုင်ငံလုံး အန္တရာယ်ရှိနေပြန်ပါတယ်။
စုံစမ်းစစ်ဆေးတဲ့သူတွေ ပထမဆုံးစဉ်းစားတာက ဗုံးပေါက်ကွဲခဲ့သလားဆိုတာပါ။ ဒီလိုပေါက်ကွဲမူ့ဖြစ်တယ်ဆိုရင် အဆောက်အဦးရဲ့ ပြတင်းပေါက်တွေ မှန်တွေဟာ အဝေးကို လွင့်စင်လေ့ရှိပါတယ်။ ဒီဖြစ်စဉ်မှာတော့ အဝေးကိုလွင့်စင်တာမျိုး မီးလောင်ကျွမ်းတာမျိုး မရှိပါဘူး။ စစ်ဆေးရေးအဖွဲ့ဟာ အဆောက်အဦးတည်ဆောက်ရာမှာ အသုံးပြုတဲ့ ကွန်ကရစ်တွေ သံချောင်းတွေကို စစ်ဆေးခဲ့ကြတယ်။ ဥမင်လှိုင်ခေါင်း အင်ဂျင်နီယာတွေ ကွန်ကရစ်တိုင်ဖြတ်ခဲ့စဉ်က အင်မတန်လွယ်ကူနေတဲ့အဖြစ်ကို သံသယရှိပြန်တယ်။ စုံစမ်းရေးအဖွဲ့ဟာ ကွန်ကရစ် အပိုင်းအစ(၂၄၀)ကို သယ်ဆောင်ပြီး စမ်းသပ်ခန်းမှာ ဘိလပ်မြေပါဝင်နုန်း စစ်ဆေးခဲ့ကြတယ်။ သူတို့တွေ့ရှိခဲ့တာက ကွန်ကရစ်တိုင်တွေမှာ Micro Cracking လို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ အက်ကွဲမူ့မျိုးပါ။ ဒီလိုအက်ကွဲမူ့တွေ ဘာလို့ဖြစ်လာပါလဲ။ သူတို့ဟာ အဆောက်အဦးရဲ့ဒီဇိုင်းထဲမှာမပါတဲ့ ဝန်အားအပိုတွေကို ပြန်လေ့လာကြတယ်။
(၁၉၇၅) ခုနှစ်မှာ ဘဏ်အတွက် အသုံးပြုဖို့ (၂၂)တန်လေးတဲ့ အာမခံသေတ္တာကို မြေညီထပ်မှာ ထည့်သွင်းခဲ့ကြတယ်။ ပြီးတော့ (၁၉၇၈) ခုနှစ်မှာ Chiller အမျိုးအစား အဲကွန်းအကြီးစား နှစ်လုံးကို ခေါင်မိုးပေါ် ထပ်တင်ပြန်တယ်။ (၁၉၈၂) မှာ အဆောက်အဦးမှာ အလှဆင်တဲ့ကြွေပြားတွေ ထပ်ကပ်တာကြောင့် ဝန်ပိုအား တန်(၅၀)ကျော် ထပ်တိုးလာပါတယ်။ နောက်ဆုံးအနေနဲ့ အဆောက်အဦး ပြိုမကျခင်လေးမှာတင် အဲကွန်းနောက်ထပ် တစ်လုံးကို တပ်ဆင်ခဲ့ပြန်ပါတယ်။
စုံးစမ်းစစ်ဆေးရေးအဖွဲ့တွေက နောက်တိုးလာတဲ့ဝန်အားတွေဟာ သက်မှက်ချက်ထက် တော်တော်များနေပြီဆိုတာ သိလိုက်တယ်။ အဆောက်အဦး ဒီဇိုင်းပညာရှင်တွေဟာ Dead Load လို့ခေါ်တဲ့ အဆောက်အဦးရဲ့ အလေးချိန်နဲ့ Live Load လို့ခေါ်တယ် လူ၊ ပရိဘောဂ၊ အဲကွန်းတို့လို့ နောက်တိုးအလေးချိန်တွေပါ ခံနိုင်အောင် ဒီဇိုင်းထုတ်ရတယ်။ တွက်ချက်မူ့တွေအရ Dead Load က တန်(၆၀၀၀)ကျော်ရှိပြီး Live Load က တန်(၁၀၀)ကျော်ရှိတယ်။ ဒီစုစုပေါင်းဝန်အားကို ခံနိုင်အောင် ဒီဇိုင်းထုတ်ခဲ့ပါသလား ။
စုံစမ်းစစ်ဆေးတဲ့သူတွေဟာ တစ်လကျော်ကြာတဲ့အထိ ဘာကြောင့်ပြိုကျခဲ့တယ်ဆိုတဲ့ အချက်ကို သေသေချာချာ ကောက်ချက်မချ နိုင်သေးပါဘူး။ အချက်အလက်တွေကို အသေးစိတ်နောက်တစ်ခါ ပြန်စစ်ဆေးကြည့်လိုက်မှ ပုံဆွဲပညာရှင်တစ်ယောက်ရဲ့ တွက်ချက်မှူ့ ဆိုးဆိုးရွားရွား မှားယွင်းနေတာကို တွေ့လိုက်ရတယ်။ ကွန်ကရစ်တိုင်အမှက်(၂၆)နဲ့ (၃၂) တို့ဟာ Live Load မပါဘဲ Dead Load ကိုတောင် ခံနိုင်ရည်မရှိအောင် တည်ဆောက်မိခဲ့ကြတယ်။ သူတို့အဖြေကိုရှင်းရှင်းလင်းလင်း သိလိုက်ကြပါပြီ။ တိုင်အမှက် (၂၆)၊ (၃၂) နဲ့ (၃၀) တို့ဟာ တွက်ချက်မူ့မှားယွင်းမူ့ ကြောင့် နှစ်ပေါင်း(၁၅)နှစ်တိုင်တိုင် လူမသိအောင် အက်ကွဲနေခဲ့တာပါ။ Live Load တွေမပါရင်တောင်မှ ဟိုတယ်ဟာ ပြိုကျမှာပါပဲ။
စင်ကာပူအစိုးရက ပါဝင်ကူညီခဲ့ကြတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊နဲ့ ဥမင်လှိုင်ခေါင်း အင်ဂျင်နီယာတွေကို ဂုဏ်ပြုညစာနဲ့ တည်ခင်းဧည့်ခံပါတယ်။ အဖွဲ့ခေါင်းဆောင် သောမတ်စ် မူလာရီကို O.B.E ဆုချီးမြှင့်ဖို့ စာရင်းတင်သွင်းခဲ့ပေမယ့် သူ့အဖွဲ့ တစ်ဖွဲ့လုံးမပါဘဲ သူ့တစ်ယောက်တည်းကိုပဲ ပေးလို့ လက်မခံခဲ့ပါဘူး။ ဒီဖြစ်ရပ်တွေနောက်ပိုင်းမှာ တည်ဆောက်ပုံဒီဇိုင်းကို သေသေချာချာ ပြန်စစ်ကြပြီး ဒီဇိုင်းမမှန်တဲ့ ဟွာချောင်းဂျူနီယာကောလိပ် လိုမျိုး အဆောက်အဦးတွေကို ပြန်လည် ပြင်ဆင်ဖို့အမိန့်ထုတ်ခဲ့တယ်။
(31 July 14)
Ref: -http://en.wikipedia.org/wiki/Collapse_of_the_Hotel_New_World
-http://www.nytimes.com/1986/03/15/world/300-trapped-as-hotel-in-singapore-topples.html
-http://www.youtube.com/watch?v=U85O4gXpGTw
Sunday, 24 August 2014
Tuesday, 1 April 2014
အယ်တန်တူရာ
သူမပျောက်ဆုံးခဲ့တာ အခုဆို (၇)နှစ်ကျော်ခဲ့ပါပြီ။ သူမကို သတ်ခဲ့တဲ့သူတွေကတော့ အခုချိန်ထိ လွတ်မြောက်နေဆဲပါ။ သူက မွန်ဂိုလီးယားနိုင်ငံသူ အယ်လ်တန်တူရာ ရှရီဘူး (Altantuya Shariibuu)။ သူမကို ၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ အယ်လ်တန်တူရာ ငယ်စဉ်ဘဝက သူမဖခင် တာဝန်ကျရာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် တွင် ကြီးပြင်းခဲ့ပြီး နောက်ပိုင်း ပီကင်းမှာ Economic Management ဘာသာရပ်ကို သင်ကြားခဲ့တယ်။ ရုရှား၊ တရုတ်၊ အင်္ဂလိပ်၊ ကိုရီးယား၊ မွန်ဂို နဲ့ ပြင်သစ်ဘာသာစကား တို့ကိုကျွမ်းကျင်စွာ ပြောနိုင်တယ်။
အယ်လ်တန်တူရာတို့ မိသားစုဟာ (၁၉၉၀)လောက်မှာ မွန်ဂိုလီးယား နိုင်ငံကို ပြန်လည်ပြောင်းရွေ့ ခဲ့ကြတယ်။ နှစ်အနည်းငယ်အကြာ သူမ(၁၈)နှစ်အရွယ်မှာ မွန်ဂိုက techno အဆိုတော် မာဒိုင်းဆိုသူနဲ့ အိမ်ထောင်ကျတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရအပြီးမှာ သူတို့အိမ်ထောင်ရေး ပြိုကွဲသွားတယ်။
ကလေးကို မိဘအိမ်ထားပြီး ပြင်သစ်မှာ မော်ဒယ်သင်တန်း သွားတက်လိုက်သေးတယ်။ ဒါပေမယ့် မော်ဒယ်အဖြစ်နဲ့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ (၂၀၀၂) လောက်မှာ နောက်တစ်ခါ အိမ်ထောင်ကျတယ်။ ဒီတစ်ခါမှာလည်း နောက်ထပ်ကလေးတစ်ယောက်ရအပြီး အိမ်ထောင်ကွဲပြန်တယ်။
သူမဟာ နောက်ပိုင်းမှာ စကားပြန် အလုပ်လုပ်ပြီး တရုတ်၊ စင်ကာပူနဲ့ မလေးရှားတို့လို နိုင်ငံတွေကို မကြာခဏ သွားရလေ့ရှိတယ်။ ဒီလိုခရီးတွေသွားရင်း အဲ့ဒီအချိန်က မလေးရှားနိင်ငံ ဒုတိယဝန်ကြီးချူပ် (ယခုဝန်ကြီးချူပ်) နာဂျစ်တန် ရာဇတ် (Najib Tun Razak) နဲ့ နီးစပ်သူ၊ နိုင်ငံရေးရာသုတေသီ အဗ္ဗဒူ ရာဇတ် ဘဂင်ဒါ (Abdul Razak Baginda) နဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ ခန့်မှန်းပြောဆိုမှူ့တွေအရ သူမနဲ့ အဗ္ဗဒူ ရာဇတ် တို့နှစ်ယောက်ကို မိတ်ဆက်ပေးတာ နာဂျစ်ရာဇတ်လို့ ဆိုတယ်။ ဒီလိုတွေ့ဆုံမူ့ကနေပဲ သူမဘဝအကို အဆုံးသတ်စေဖို့ ဖြစ်ခဲ့ရတယ်။
အချိန်တိုအတွင်းမှာပဲ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ငြိတွယ်သွားပြီး (၂၀၀၅)ခုနှစ် အဗ္ဗဒူ ရာဇတ်ရဲ့ ပဲရစ်ခရီးစဉ်မှာ လိုက်ပါသွားခဲ့တယ်။ သူတို့ဟာ အကောင်းစား စားသောက်ဆိုင်တွေမှာစား၊ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်းကြပေမယ့် အပျော်ခရီးတစ်ခုတည်းတော့မဟုတ်ပါဘူး။
(၂၀၀၂)ခုနှစ် နာဂျစ်တန်ရာဇတ် ကာကွယ်ရေးဝန်ကြီးဘဝက ပြင်သစ်နဲ့စပိန် ကုမ္မဏီ Armaris ဆီကနေ ယူရို တစ်ဘီလီလျံနဲ့ Scorpene ရေငုပ်သင်္ဘော (၃)စီး ဝယ်ယူခဲ့တယ်။ ပွဲစားခအနေနဲ့ ယူရိုဒေါ်လာ (၁၁၄) သန်းကို အဗ္ဗဒူ ရာဇတ်ပိုင်တဲ့ Perimekar ကုမ္မဏီကို ပေးရမှာဖြစ်တယ်။ ဒီလိုကော်မရှင်ခပေးတာဟာ ပြင်သစ်မှာတော့ တရားမဝင်ပါဘူး။ မလေးရှားအစိုးရ အနေနဲ့တော့ ဒါတွေအားလုံးကိုသိတယ်။
ဒီလိုအလုပ်ကိစ္စနဲ့သွားတဲ့နေရာမှာ အယ်လ်တန်တူရာဟာ စကားပြန်တစ်ယောက်အဖြစ်နဲ့ ပါသွားတယ်လို့ ယူဆရတယ်။ (၂၀၁၆) အောက်တိုဘာလ အစောပိုင်းမှာ ကော်မရှင်ခကို အဗ္ဗဒူ ရာဇတ်ပိုင်တဲ့ Perimekar ကုမ ္မဏီ ဘဏ်အကောင့်ထဲ ပို့ပြီးကြောင်း Armaris ကုမ္မဏီက အကြောင်းကြားလာတယ်။ သူမဟာ မလေးရှားနိုင်ငံကို လိုက်သွားပြီး ကော်မရှင်ခထဲက သူမအတွက် ရပိုင်ခွင့် အမေရိကန်ဒေါ်လာ ငါးသိန်း တောင်းဆိုခဲ့တယ်။ ဒီဖြစ်ရပ်မတိုင်မီ အယ်လ်တန်တူရာ နဲ့ အဗ္ဗဒူရာဇတ် တို့ဇတ်လမ်းက ပြတ်စဲပြီးသားပါ။
အောက်တိုလာလ (၁ဂ) ရက် ၂၀၀၆ ခုနှစ် ညနေခင်းမှာ သူမဟာ အဗ္ဗဒူရာဇတ် တို့အိမ်လိုက်သွားပြီး အကြီးအကျယ် အငြင်းပွားခဲ့တယ်။ အဗ္ဗဒူရာဇတ် ဟာ အထူးရဲတပ်ဖွဲ့ရဲ့ ဒါရိုက်တာဆီ ဖုန်းဆက်ခေါ်လိုက်တယ်။ ညကိုးနာရီလောက်မှာ နာဂျစ်ရာဇတ်ရဲ့ သက်တော်စောင့် အဖြစ်တာဝန်ထမ်းဆောင်နေသူ၊ အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိနှစ်ဦးဖြစ်သူ ဆီရူးအိုမာ နဲ့ အဇီလာတို့ကို သူတို့နှစ်ယောက် ရောက်လာပြီး အယ်လ်တန်တူရာကို ဖမ်းခေါ်သွားတယ်။ အဲ့ဒီအချိန်ကစပြီး အယ်လ်တန်တူရာကို ဘယ်သူမှ နောက်ထပ်မတွေ့ကြရတော့ပါဘူး။ သူမရဲ့ မလေးရှားနိုင်ငံထဲ ဝင်ရောက်တဲ့ မှက်တမ်းကိုလဲ ဖျောက်ဖျက်ပြစ်လိုက်တယ်။
ဒီလိုဖြစ်ရပ်တွေ မတိုင်မီမှာ တူရာဟာ ရဲစခန်းကိုသွားပြီး အမူ့ဖွင့်ခဲ့တယ်။ တကယ်လို့သာ သူပျောက်သွားခဲ့ရင် တရားခံဟာ အဗ္ဗဒူရာဇတ် ဖြစ်တယ်ဆိုပြီး ကြိုတင်အသိပေးခဲ့တယ်။
သူမနဲ့အဖော်အဖြစ်လိုက်လာသူ ညီမနဲ့ ညီမဝမ်းကွဲတို့ဟာ သူမပျောက်ဆုံးသွားကြောင်း သိသိခြင်း ထိုင်းနိုင်ငံမှာရှိတဲ့ မွန်ဂိုလီးယား သံရုံး (မလေးရှားနိုင်ငံတွင် သံရုံးမရှိသောကြောင့်) ကို အကြောင်းကြားပြီး ၂၀၀၆ခုနှစ် အောက်တိုဘာ (၁၉)မှာ အမူဖွင့်ခဲ့တယ်။ ရဲတွေစုံစမ်းစစ်ဆေးတဲ့အခါမှာ အယ်လ်တန်တူရာကို မတွေ့တော့ပဲ သူမရဲ့ အရိုးလို့ယူဆလို့ရတဲ့ အရာတွေကိုသာ တွေ့ခဲ့တယ်။ DNA စစ်ဆေးကြည့်တဲ့အခါမှာတော့ အယ်လ်တန်တူရာ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်။ သူမဟာ သေနတ်နဲ့ နှစ်ချက် ပြစ်ခံရပြီးမှ သူမတစ်ကိုယ်လုံးကို C4 ယမ်းပျော့နဲ့ ဖောက်ခွဲခံခဲ့ရတာပါ။
(တရားရုံးတော်ရောက် အဗ္ဗဒူရာဇတ်)
ဒီအမူ့နဲ့ ဆက်နွယ်ပြီး အဗ္ဗဒူရာဇတ်၊ ဆီရူးအိုမာ နဲ့ အဇီလာတို့ကို ဖမ်းဆီးစစ်ဆေးပြီး လူသတ်မူ့နဲ့ တရားစွဲဆိုခဲ့တယ်။ လူသိပ်မသိတဲ့ အစီရင်ခံစာတစ်ခုမှာ တော့ ဆီရူးအိုမာရဲ့ ဖြောင့်ချက်ကို အခုလို တွေ့ရတယ်။
“ ဒီတရုတ်မ (အယ်လ်တန်တူရာ)က ကျနော်ခါးကြားက သေနတ်ကို တွေ့လိုက်တာနဲ့ သူ့မှာ ကိုယ်ဝန်ရှိကြောင်း၊ အသက်ကိုချမ်းသာပေးဖို့ တောင်းပန်တယ်ဗျ။ အဇီလာက သူ့ကို ဆွဲပြီး ကိုင်ပေါက်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျနော်က ခေါင်းကို တစ်ချက်ပစ်လိုက်တယ်။ အဇီလာက သူမရဲ့ အဝတ်အစားတွေချွတ်ပြီး အလောင်းကို ပလပ်စတစ်အိပ် အနက်ထဲထည့်လိုက်တယ်။ သူမလက်က လှူပ်နေတုန်းပဲ။ ဒါနဲ့ ကျနော်လဲ ဦးခေါင်းကို နောက်ထပ်တစ်ချက် ပစ်လိုက်တယ်။ ပြီးတော့မှ နှစ်ယောက်သား တောထဲကို မသွားပြီး သူမရဲ့ ခေါင်း၊ ဝမ်းဗိုက်နဲ့ ခြေထောက်မှာ ယမ်းပျော့တွေကပ်ပြီး ဖောက်ခွဲလိုက်တာပဲ”။
အယ်လ်တန်တူရာကို ဗုံးနဲ့ဖောက်ခွဲခံရတဲ့နေရာ
အပြန်အလှန် လျောက်လှဲချက်တွေ အပြီး အောက်တိုဘာ (၂၀၀ဂ)မှာ တရားရုံးတော်က ထင်ရှားတဲ့သက်သေ မရှိဘူးဆိုပြီး အဗ္ဗဒူရာဇတ်ကို အမူ့မှ ကင်းလွတ်ခွင့်ပေးခဲ့တယ်။ အဗ္ဗဒူရာဇတ် တစ်ယောက် နာဂျစ်ရဲ့ အတွင်းစည်းအဖြစ် ရှိမနေတော့ပဲ အင်္ဂလန်မှာ သွားရောက်အခြေချ နေထိုင်လျှက်ရှိတယ်။ (၂၀၀၉) ဧပြီလမှာ ဆီရုးက သူ့ကိုသေဒဏ်မချမှက်ဖို့၊ သူတို့ဟာ တရားရုံးတော်ကို မလာနိုင်တဲ့တစ်စုံတစ်ယောက်အတွက် အကာအကွယ်ပြုနေတဲ့ သိုးမည်းတွေဖြစ်ကြောင်း မျက်ရည်စက်လက်နဲ့ လျောက်ထားခဲ့တယ်။ သိပ်မကြာခင်မှာပဲ တရားသူကြီးက ဆီရူးအိုမာနဲ့ အဇီလာ တို့ ရဲအရာရှိနှစ်ယောက်ကို ၂၀၁၃ သြဂုတ်လမှာ မသေမချင်း ကြိုးကွင်းစွပ်ပြီး သတ်စေဖို့ သေဒဏ်ချမှက်ခဲ့ တယ်။
ဒီလိုအမိန့်ချမှက်ချိန်မှာ တရားခံနှစ်ယောက်မျက်နှာမှာ ဘယ်လိုခံစားချက်မျိူးကိုမှ မတွေ့မြင်ကြရခဲ့ပါဘူး။ သူတို့မိသားစုဝင်တွေကလဲ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရှေ့နေတွေကတော့ အသနားခံစာတင်ဖို့ ဆက်ကြိုးစား ခဲ့တယ်။
၂၀၁၃ သြဂုတ်လ ၂၃ ရက်နေ့မှာတော့ မလေးရှား တရားရုံးတော်က အကြောင်းပြချက်များစွာနဲ့ ဆီရူးအိုမာနဲ့ အဇီလာကို တရားသေလွတ်လိုက်ပြန်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် မလေးရှားနိုင်ငံသားများနဲ့ အယ်လ်တန်တူရာ့ဖခင် တို့က မလေးရှား တရားစီရင်ရေးစနစ်ကို အကြီးအကျယ် ဝေဖန်ခဲ့ကြတယ်။ တစ်ကယ်တော့ နောက်ကွယ်က ခိုင်းစေသူကို မဖေါ်ထုတ်ဘဲ ဒီရဲအရာရှိနှစ်ယောက်တည်းကို အပြစ်ပုံချပြီး သေဒဏ်ပေးတာဟာ တရားမျှတမူ့မရှိပါဘူး။ ဥပဒေအရတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ ဒီနှစ်ယောက်ကို လွတ်မြောက်ခွင့်ပေးတာကြတော့လည်း လက်ခံနိုင်စရာမရှိပါ။
ကျနော့အထင်တော့ သူတို့သုံးယောက်စလုံး မသတ်ခဲ့ဘူးဆိုရင် အယ်လ်တန်တူရာတစ်ယောက် စိတ်ကူးပေါက်ပေါက်နဲ့ သူ့ခေါင်းသူ သေနတ်နဲ့ နှစ်ချက်ပစ်၊ သေအံ့မူးမူး အချိန်မှာ သူ့ကိုယ်သူ C4 နဲ့ ဖောက်ခွဲပြစ်လိုက်တာ နေမှာပါ ----နော့-----
Subscribe to:
Posts (Atom)