Monday 4 May 2020

ရေအားလျှပ်စစ် စက်ရုံများ ဖောက်ပြန်လေသောအခါ








 ဆာယှနာရှူရှန်းစကားယား (Сая́но-Шу́шенская) ရေအားလျှပ်စစ်စက်ရုံဟာ ရုရှားနိုင်ငံ၊ ကော့ကေးရှားပြည်နယ် ဆာယားနာဂို့စ်(ခ်) (Саяного́рск) မြို့နားက ယမ်နီဆီမြစ်ပေါ်မှာ တည်ဆောက်ထားပြီး ရုရှနိုင်ငံ ရေအားလျှပ်စစ် အင်ဂျင်နီယာလောကအတွက် ဂုဏ်ယူစရာ စက်ရုံတစ်ခုပါ။

ရုရှနိုင်ငံအတွက်ရေအားလျှပ်စစ်ကနေ အများဆုံး ဓါတ်အားထုတ်ယူပေးနေတဲ့ စက်ရုံဖြစ်တယ်။


အနည်းဆုံး ရေအမြင့်(၆၃၆)ပေ (တမံရေမျက်နှာပြင်နဲ့ ရေထုတ်မြောင်းရေမျက်နှာပြင် ခြားနားချက်) ရှိရင် တာဘိုင်ဆယ်လုံးကနေ (6400) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်တယ်။ (မြန်မာတစ်နိုင်ငံလုံးရဲ့ ဓါတ်အားထုတ်လုပ်မှူ့က ခုလောလောဆယ်မှာ (2000-3000) မဂ္ဂါဝပ်လို့ ခန့်မှန်းရတယ်)။ ရုရှနိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဆိုရင် ခြောက်ခုမြောက် အကြီးဆုံးဖြစ်ပါတယ်။ တမံတည်ဆောက်ပုံဒီဇိုင်းရောနိုင်ငံအတွက် မှီခိုအားထားရမှူ့မှာပါ စံပြစက်ရုံတစ်ရုံပါ။

နောက်ထပ် ဂုဏ်ယူစရာတစ်ခုကတော့ တမံကို ငလျင်ဒဏ် ရစ်တာစကေး (၈)အထိ ခံနိုင်အောင် တည်ဆောက်ထားလို့ ကမ္ဘာပေါ်မှာ မပျက်မစီးနိုင်တဲ့ တမံတစ်ခုအဖြစ် ဂင်းနစ်မှက်တမ်းဝင်ခဲ့တာပါပဲ။
ဒီလိုဖြစ်ရပ်ဆိုးမဖြစ်ခင် အချိန်အထိတော့ လူတွေတော်တော်များများက ရေအားလျှပ်စစ်ဆိုတာ အန္တရာယ်အကင်းဆုံး ဓါတ်အားထုတ်လုပ်မှူ့လို့ ယူဆထားကြတာပါ။



 တာဘိုင်အမှက်(၂)ဟာ၂၀၀၉ခုနှစ် အဖြစ်အပျက် မတိုင်ခင်ကတည်းက ဒုက္ခပေးနေတာကြာပါပြီ။ စက်စဆင်တဲ့ ၁၉၇၉ ခုနှစ်ကတည်းကရေမလုံတဲ့ပြဿနာ၊ တုန်ခါမှူ့ များတဲ့ပြဿနာတွေ တောက်လျောက် ဖြစ်နေတာပါ။ ၂၀၀၀ခုနှစ်တုန်းကလဲရေသွင်းပြွန်မှာ လက်မဝက်လောက်နက်ပြီး ငါးပေလောက်ရှိတဲ့ အက်ကွဲကြောင်းကြီး ပေါ်လာလို့ပြင်ဆင်ခဲ့ရပါသေးတယ်။

၂၀၀၉ခုနှစ် မတ်လမှာတော့ စက်အမှက်(၂) ကို အီလက်ထရောနစ်-ဟိုက်ဒရောလစ်အလိုအလျောက် လည်ပတ်နုန်းထိန်းညိုစက် တပ်ဆင်ပေးပြီး အဆင့်မြှင့်တင်ခဲ့ပါတယ်။ အဲ့ဒီအတောအတွင်းတာဘိုင်ပန်ကာအရွက်တွေနဲ့ ရေသွယ်ပြွန်တွေမှာ အက်ကြောင်းတွေ ရေတိုက်စားတဲ့ အခေါင်းပေါက်တွေတွေ့လို့ ဝရိန်ပြန်ဖို့ခဲ့ကြပါသေးတယ်။ ဒါပေမယ့် တာဘိုင်ကို ဟန်ချက်ညီအောင် စနစ်တကျ မချိန်ညိုခဲ့ကြဘူး။

ဒီပြင်ဆင်မှူ့ပြီးတဲ့ အချိန်မှာအမှက်(၂)တာဘိုင်ရဲ့ တုန်ခါမှူ့ဟာ (ဝ.၁၅)မီလီမီတာ ထိအောင်တိုးလာပါတယ်။ ဒါဟာ သက်မှက်ချက်ထက်မကျော်သေးပေမယ့်ကာလတာရှည်မောင်းနှင်မယ်ဆိုရင်တော့ မသင့်တော်ပါဘူး။ သြဂုတ်လ ၁၆ ရက်နေ့မှာတော့ တုန်ခါမူ့ဟာတော်တော်ပြင်းထန်လာပါတယ်။ ဒါ့ကြောင့် စက်မောင်းတဲ့သူတွေဟာ ဝန်အား (၆၀၀)မဂ္ဂါဝပ် ကနေ(၂၀၀)မဂ္ဂါဝပ် အထိလျော့ချလိုက်ပါတယ်။

(၁၇)ရက်နေ့ မနက်သုံးနာရီမှာ (၆၀၀)ကိုပြန်တင်ပါတယ်။ ဒီအခါမှာတုန်ခါမှူ့က (ဝ.၈၄)မီလီမီတာ ရှိနေပါပြီ။ ဒါဟာ တခြားစက်တွေနဲ့ယဉ်လျင် လေးဆလောက်ပိုပါတယ်။ သူတို့ဟာ ဒီလိုတုန်ခါမူ့တွေနဲ့ ရင်းနှီးနေတာ နှစ်ပေါင်းများစွာရှိလို့ သိပ်ပြီးစိုးရိမ်စိတ် မရှိကြပါဘူး။ ဒီစက်ကို ဒီဇိုင်းထုတ်တဲ့သူက အာမခံနှစ်သုံးဆယ် ပေးပါတယ်။ အခုလိုမတော်တဆဖြစ်တော့ ၂၉နှစ်နဲ့၁၀လရှိပါပြီ။



ဒီအဖြစ်ဆိုးကြီးဖြစ်ပျက်ခဲ့တဲ့ ၂၀၀၉ သြဂုတ်လ ၁၇ ရက်နေ့မှာတော့ အလုပ်သမားပေါင်း (၃၉၉) ရောက်အလုပ်ဆင်းခဲ့ပါတယ်။အဲ့ဒီထဲက (၇၅)ယောက်ကတော့ အိမ်ပြန်ရောက်မလာနိုင်တော့ပါ။

အဲ့ဒီနေ့ကသန့်ရှင်းရေး အလုပ်သမားတွေဟာ လုပ်ရိုးလုပ်စဉ်အတိုင်း တာဘိုင်ခန်းကို သန့်ရှင်းရေး လုပ်နေပါတယ်။အင်ဂျင်နီယာတွေ ကျွမ်းကျင်လုပ်သားတွေကတော့ အဝတ်အစားလဲပြီး အလုပ်မစခင် ကော်ဖီသောက်ဖို့ပြင်ဆင်နေကြပါတယ်။ ထိန်းချူပ်ခန်းထဲမှာတော့ တာဝန်ကျတွေဟာ မနေ့ညအဆိုင်းက ဘာတွေမှက်တမ်းတင်ထားသလဲဆိုတာကို စစ်ဆေးနေပါတယ်။ ဒါဟာ ဒီအဖြစ်အပျက်မဖြစ်ခင် မိနစ်ပိုင်းအတွင်းမှာပါ။

၂၀၀၉ ခုနှစ်သြဂုတ်လ၁၇ရက်နေ့ မနက် (ဂး၁၃)မိနစ်မှာတော့ တာဘိုင်အမှက်(၂)ဆီက ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပါတယ်။ တာဘိုင်အဖုံးဟာ အပေါ်ကိုလွင့်သွားပြီး တန်(၉၂၀)လေးတဲ့ တာဘိုင်နဲ့ဂျင်နရေတာဝင်ရိုးဟာတပ်ဆင်ထားတဲ့နေရာက လွတ်ထွက်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ အမှက်(၂) ရေသွယ်ပြွန်ကတစ်ဆင့်ရေတွေအရှိန်အဟုန်နဲ့ဝင်ရောက်လာပြီး တာဘိုင်ခန်းမနဲ့ သူ့အောက်ကအထပ်တွေကို ရေလွမ်းမိုးသွားပါတယ်။

အဖြစ်ဆိုးကလွတ်မြောက်လာတဲ့ ဝန်ထမ်း အိုလက်မီအာဂီရှိဗ် ပြောပြတာက

“ ဆူဆူညံညံအသံတွေကြားမိတော့ ကျနော် အပေါ်ထပ်ကအခန်းကနေ လှမ်းကြည့်မိတယ်။ တာဘိုင်အမှက်(၂)ရဲ့ အဖုံးဟာအပေါ်ကိုကြွတက်လာပြီး လွင့်ထွက်သွားပါတယ်။ တာဘိုင်ကြီးတစ်ခုလုံးအပေါ်ကို သုံးမီတာလောက်မြောက်တက်လာပြီးတော့ လည်နေတယ်ခင်ဗျ။ ကျနော် ကိုယ့်မျက်လုံးကို မယုံနိုင်အောင်ပါပဲ။ကျောက်တုံးတွေ သတ္တုအစိတ်အပိုင်းတွေဟာ အရပ်မျက်နှာတိုင်းကို လွင့်ပြန့်နေတယ်။ အဲ့ဒီအချိန်မှာတွန့်ခေါက်နေတဲ့ တာဘိုင်အဖုံးဟာ ခေါင်မိုးကိုတောင်ထိတော့မှာပါ။

စက်ရုံခေါင်မိုးကတော့ပျက်စီးသွားပါပြီ။ ကျနော့စိတ်ထဲကနေတွက်ကြည့်လိုက်တယ်ဗျ။ ရေတွေဟာ တစ်စက္ကန့်ကို (၃၆၀)ကုဗပေနုန်းနဲ့ တိုးထွက်နေတယ်လို့ ခန့်မှန်းမိတယ်။ နောက်ပြီးကျနော် တာဘိုင်အမှက်(၂)နဲ့ဝေးရာတာဘိုင်အမှက်(၁၀) ဘက်ကိုပြေးလိုက်တယ်။ ဒီထက်မြင့်ရာကို ထပ်တက်လိုက်တယ်။ နောက်ပြိးပြန်လှည့်ကြည့်တဲ့အခါမှာစက်ရုံတစ်ခုလုံး တော်တော်ပျက်စိးနေပါပြီ။ လူတွေလဲ ရေထဲမှာ ကူးခတ်နေတာကို တွေ့ရတယ်ဗျ။

ကျနော့စိတ်ထဲမှာတွေးနေမိတာကတော့ လူတွေကိုယ်တိုင် ရေတံခါးတွေကို ပိတ်ရတော့မယ်ဆိုတာပဲ။အဲ့ဒီအချိန်မှာ အလိုအလျောက်ကာကွယ်တဲ့ ပစ္စည်းတွေ တစ်ခုမှအလုပ်မလုပ်တော့သလို၊ လျှပ်စစ်ဓါတ်အားလဲလုံးဝ မရှိတော့လို့ပါ။”



အရေးပေါ်သတိပေးချက်ကိုထိန်းချုပ်ရေးစခန်းက လက်ခံရရှိခဲ့ပြိး တစ်ပြိုင်နက်ထဲမှာ ဓါတ်အားထုတ်လုပ်မှူ့ကလဲ သုညအထိထိုးကျသွားပါတယ်။စက်ရုံတစ်ခုလုံးကို ထိန်းချုပ်လို့ မဖြစ်နိုင်တော့ပါဘူး။



လုံခြုံရေးတာဝန်ကျ အလက်ဇန္ဒြား ကတော့

“ တာဘိုင်ထပ်ကပေါက်ကွဲသံကြားလိုက်ရပါတယ်။ ဘာဖြစ်တယ်ဆိုတာ မမြင်နိုင်ပေမယ့် ကောင်းကောင်းကြားလိုက်ရတယ်။ပထမအသံက ခပ်ကျယ်ကျယ်ဖြစ်ပြီး နောက်တစ်ခါကတော့ ပေါက်ကွဲသံပါ။ အဲ့ဒီနောက်မှာတော့ စက်ရုံတစ်ခုလုံးအမှောင်ကျသွားပါတယ်။ ကျနော်က အရေးပေါ်ထွက်ပေါက်တံခါးကို ရှာတွေ့ခဲ့တယ်။ တံခါးဆီကိုသွားဖို့ကြိုးစားပေမယ့် မရပါဘူး။

ကျနော့်ဖုန်းမှာ ဓါတ်မီးပါတော့ ဖွင့်လိုက်ပါတယ်။ ပြိးတော့တံခါးဆီ ရောက်အောင်သွားပြီးလှေကားအတိုင်း ပြေးထွက်ခဲ့တယ်။
နောက်မှာတော့ မီးခိုးနဲ့ ရေလုံးကြီးဟာ လိုက်လာနေလို့ကျနော်လှည့်တောင်မကြည့်ရဲပါဘူး။ နံရံထောင့်တစ်ခုကို ရောက်တဲ့အခါမှာ အမျိုးသမိးနှစ်ယောက်ရပ်နေတာတွေ့တယ်။ သူတို့ဘယ်ကို ပြေးရမှန်းမသိဘူး။ ကျနော့နောက်ကို လိုက်ခဲ့ဖို့ပြောပြီးဥမင်လမ်းတစ်လျောက် တမံပေါ်ကိုတက်ခဲ့တယ်။”

သူဟာ ရေလှောင်တမံနံရံအတွင်းထဲကနေ ပေ (၂၄၀) မြင့်တဲ့ တမံထိပ်အထိရောက်အောင် (၁၈)မိနစ်ကြာ တက်ခဲ့ရပြီး တမံပေါ်ကနေ ပြန်ငုံကြည့်လိုက်တယ်။

“ ကျနော်ငုံကြည့်လိုက်တော့စက်ရုံရဲ့ တာဘိုင် ခေါင်မိုးဟာ မရှိတော့ပါဘူး။ ရေဘယ်ကထွက်နေတယ် ဘယ်ဟာတွေ ပျက်စိးသွားတယ်ဆိုတာမြင်နေရပါတယ်။”

အလက်ဇန္ဒြားနဲ့နောက်ထပ်လူ (၇)ယောက်ဟာရေထိန်းတံခါးတွေကို လူအားနဲ့ ပိတ်ချလိုက်ပါတယ်။

အခိုက်အတန့်တော့ပြဿနာ တစ်ခုဖြေရှင်းလိုက်နိုင်ပါတယ်။ တစ်ကယ်တန်းအဓိကကျတာက ဒီဇယ်ဂျင်နရေတာ နိုးဖို့ပါ။စက်မလည်တော့တဲ့အတွက် ကန်ရေမျက်နှာပြင်မြင့်တက်လာရင် တမံတစ်ခုလုံး ကျိူးပျက်သွားနိုင်ပြီးအနီးအနားမှာ ရှိတဲ့ ဆာယားနာဂို့စ်(ခ်)မြို့ဟာ နာရီပိုင်းအတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒီအတွက် ရေပိုလွဲတံခါးတွေ ဖွင့်ပေးဖို့အတွက်လျှပ်စစ်မီးလိုလာပြန်ပါတယ်။



(၁၁း၃၂)နာရီမှာတော့ဒီဇယ်ဂျင်နရေတာကနေ အပေါ် ရေလှောင်တမံကို ဓါတ်အားပေးနိုင်ခဲ့ပြီး ရေပိုလွဲတံခါးတွေ ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်။ဒါဟာ ရေလှောင်တမံ တစ်ခုလုံးပျက်စီးသွားမှာကို ကာကွယ်နိုင်တဲ့အဓိကအချက်ပါပဲ။

ဒီဖြစ်စဉ်ကြောင့်တာဘိုင်အမှက်(၂)အပါအဝင် အမှက်(၇)နဲ့(၉)တို့လည်း လုံးဝနီးပါး ပျက်စီးသွားပါတယ်။ တာဘိုင်အမှက်(၁)နဲ့(၃)ကတော့ အမိုးပြုတ်ကျလို့ အလည်အလတ်စား ပျက်စီးခဲ့ရတယ်။ ကျန်တဲ့တာဘိုင်တွေကတော့အသေးစား မျှသာ ပါပဲ။
ဒီဖြစ်ရပ်မှာထရန်စဖော်မာ နှစ်လုံး ပေါက်ကွဲခဲ့လို့ ထရန်စဖော်မာဆီတွေ တန်လေးဆယ်လောက် မျောပါသွားခဲ့ပြီးနောက်ထပ် မိုင်ငါးဆယ်လောက်ရှိတဲ့ ယမ်နီဆီမြစ်ထဲ ဖုံးလွမ်းသွားခဲ့တယ်။

ပြန်လည်ပြင်ဆင်မှူ့

ဒီဖြစ်ရပ်နောက်ပိုင်းမှာပျက်စီးသွားတဲ့ တာဘိုင်တွေကို လူအင်အား (၂၀၀၀) ခန့်သုံးပြီး ပြန်လည်ပြင်ဆင်နေတာ လေးနှစ်နီးပါးရှိသွားပါပြီ။ပြင်ဆင်စရိတ်ကတော့ အင်ဂျင်ခန်းတစ်ခုတင် အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယမ် ကုန်ကျပါတယ်။

တာဘိုင်အမှက် (၅)နဲ့(၆)ကိုပြန်လည်ပြင်ဆင်ပြီး ၂၀၁၀ ဖေဖေါ်ဝါရီ ၂၄မှာ သမ္မတ ဗလာဒီမာပူတင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပါတယ်။ကျန်တဲ့စက်တွေကို ၂၀၁၄ခုနှစ်အပြီး စက်အသစ်တွေနဲ့ အစားထိုးနိုင်ခဲ့တယ်။