Friday, 12 September 2014

သေမင်းနဲ့ လက်တစ်ကမ်းအလို

အသက် (၂၃) အရွယ် အလီဟူစိန်ခါဒမ် ဟာ ရှီးရက်မူဆလင် ဘာသာဝင် တစ်ယောက်ပါ။ သူ့ဟာ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် တစ်ဦးဖြစ်ပြိး ပိုင်ဆိုင်မှူဆိုလို့ ဘာတစ်ခုမှ မရှိသလို လစာဝင်ငွေလဲ မရှိပါဘူး။

ဘာမှလဲမလုပ်တတ်တော့ (၂၀၁၄)ခုနှစ် ဇွန်လ (၁)ရက်နေ့ကစပြီး ဘဂ္ဂဒပ်မြို့ နဲ့ ကီလိုမီတာ (၁၄၀) လောက်ဝေးတဲ့ အီရတ်စစ်တပ် လေ့ကျင့်ရေးစခန်း ကန်စပိုက်ကာမှာ စစ်သားအဖြစ်နဲ့ ဝင်ရောက်ခဲ့တယ်။

ISIS ဆိုတဲ့ အစ္စလမ်နိုင်ငံထူထောင်ချင်တဲ့ အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းက သူတို့ပိုင်နယ်မြေတွေကို တစ်ရက်ပြီးတစ်ရက် ချဲ့ထွင်သိမ်းပိုက် လာပါတယ်။ အလီနဲ့ အခြားစစ်သားတွေဟာ အခြေအနေသိပ်မကောင်းတာကို ရိပ်မိပြီး စခန်းကို စွန့်ခွာဖို့ တိုင်ပင်နေခဲ့ကြတယ်။

အရပ်ဘက် အဝတ်အစားလဲပြီး ပြင်ဆင်နေတုန်းမှာပဲ လက်နက်အပြည့်အစုံ ISIS စစ်သား တစ်ရာကျော် ရောက်လာတယ်။
သူတို့က “ မင်းတို့ကိုရန်ပြုချင်လို့မဟုတ်ဘူး၊ မင်းတို့ကို အိမ်ပြန်ပို့ပေးမယ်” လိမ်ညာခဲ့ကြတယ်။

ကားတွေပေါ်ကို လူစုခွဲတင်ပြီး လက်နက်ကိုင် သုံးယောက်လေးယောက်စီနဲ့ အလွယ်တကူပဲ ဖမ်းဆီးသွားခဲ့ကြပါတယ်။

အီရတ်တပ်သားတွေထဲက ဆွန်နီဘာသာဝင်တွေကို ပြန်လွတ်ပေးပြီး ရှီးရတ်ဘာသာဝင်တွေကိုတော့ လူသတ်ကွင်းဆီ ခေါ်ဆောင်သွားပါတော့တယ်။ တစ်ခြားနေရာက ဖမ်းဆီးလာတဲ့သူတွေနဲ့ အတူတူ လူ(၁၇၀၀)ကျော်ကို ရက်ရက်စက်စက် သတ်ပြစ်ခဲ့ကြတယ်။

တစ်ချို့တွေက မြစ်ကမ်းဘေးမှာ၊ တစ်ချို့တွေက မြေကျင်းတွေထဲမှာ အသတ်ခံရတယ်။
ဒီလိုသတ်ခံရတဲ့အထဲမှာ အလီတစ်ယောက်လဲ အပါအဝင်ပါ။ သူကလေးယောက်မြောက်ပေါ့။

“ ပထမတစ်ယောက် ပြစ်ခံရတဲ့အချိန်မှာ သွေးတွေလွင့်စင်သွားတာ မြင်လိုက်တယ်ဗျ။ ကျနော့ရဲ့ နောက်ဆုံးအချိန်ပဲလို့ တွေးလိုက်မိတယ်။ အဲ့လိုတွေးပြီးတော့ ကြောက်စိတ်ဆိုတာ မရှိတော့ဘူးဗျ။ ကျနော့မိသားစုအကြောင်း သတိရလိုက်တယ်။ တော်တော်ဆိုးတဲ့ ခံစားမှူ့ပါဗျာ။ ကျနော်ဆက်တွေးမိတာက သူတို့ကို ဘယ်သူစောင့်ရှောက်မလဲ.။ သူတို့ရော ဘာတွေဖြစ်ဦးမလဲပေါ့။”

“ ပထမတစ်ယောက် နှစ်ယောက်၊ သုံးယောက်ကို ပြစ်လိုက်တယ်။ ကျနော့အလှည့်ရောက်လာပြီပေါ့။ သူပြစ်သံကြားလိုက်တယ်။ ကျဉ်ဆံကတော့ ဘယ်ရောက်သွားမှန်းမသိဘူး။ တစ်ယောက်ပြီးတစ်ယောက်လဲကျတာမြင်တော့ ကျနော်လဲ လှဲချလိုက်တယ်။ ကျနော့မျက်နှာပေါ်မှာ သူများသွေးတွေနဲ့ ပြည့်နေတာပါ။”


“ ကျနော့ပါးစပ်ကို ဟထားပြီး ပါးစပ်ကသွေးတွေကျနေသလို ဟန်ဆောင်လိုက်တယ်။ မျက်လုံးတစ်ဖက်ဖွင့်ပြီး ခိုးကြည့်လိုက်တော့ သေနတ်သမားစီးတဲ့ စစ်ဖိနပ်ကို မြင်ရတယ်ဗျ။ အခုထိမျက်လုံးထဲက မထွက်ပါဘူးဗျာ။”

အလီတစ်ယောက် ဆက်လှဲနေရင်း ညကိုရောက်လာတယ်။ နာရီတော်တော်ကြာပြီးတဲ့နောက် သူစပြေးပါတော့တယ်။ အခုအလီရောက်နေတဲ့နေရာဟာ ISIS အဖွဲ့တွေ အခိုင်အမာတပ်စွဲထားတဲ့နေရာဖြစ်လို့ မြစ်ကိုဖြတ်ကူးဖို့လိုပါတယ်။ သူဟာ မြစ်ဘက်ကို ပြေးပေမယ့် လက်ကနောက်ပြန်ကြိုးချည်ထားလို့ သိပ်မပြေးနိုင်ဘူး။ ကမ်းပါးကိုရောက်တော့ မြစ်ရေစပ်ကနေ လူတစ်ယောက်ထွက်လာတယ်။

သူကလဲ အလီလို သေဘေးကလွတ်လာတဲ့သူပါ။ ဒါပေမယ့်သူက ခန္ဓာကိုယ်အတွင်းက သွေးတွေထွက်နေပြီး သေအံဆဲဆဲဖြစ်နေပါပြီ။ သူက ကမာကောင်အခွံ့သုံးပြီး အလီလက်မှာ ချည်နေတဲ့ကြိုးကို ဖြတ်ပေးတယ်။

သူတို့နှစ်ယောက်ဟာ မြစ်ကိုဖြတ်ကူးတဲ့အခါ ရေစီးကြောင့် အောက်ဘက်မှာရှိတဲ့ ISIS စခန်းကို ပြန်ရောက်နိုင်တာသိနေလို့ ဖြတ်ကူးဖို့ ဆုံးဖြတ်ရခက်နေကြတယ်။
သုံးညမြောက်မှာတော့ အလီဟာ မြစ်ရဲ့ အထက်ကိုဆက်သွားပြီး ကူးဖို့ဆုံးဖြတ်လိုက်တယ်။ သူ့အဖေါ်ကတော့ မလိုက်နိုင်တော့ပါဘူး။ အလီကိုနုတ်ဆက်ပြီး သူ့အကြောင်း လူတွေကို ပြောပြဖို့ တောင်းဆိုတယ်။ အလီလဲကတိပေးပြီး တစ်ယောက်တည်းထွက်လာတယ်။

အလီတစ်ယောက် သေနတ်သမားတွေမြင်မှာစိုးလို့ ခေါင်းကိုပဲဖေါ်ပြီး အောင်မြင်စွာ ကူးနိုင်ခဲ့တယ်။ တစ်ဖက်ကမ်းတော့ရောက်ပါပြီ။ ဒါပေမယ့် အဲ့ဒီနားကရွာတွေကလဲ ရန်သူ့နယ်မြေဖြစ်နေပြီး ဆွန်နီဘာသာဝင် ရွာတွေပါပဲ။ ဆက်သွားရင် သေမှာပဲ။ မသွားပဲနေရင်လဲ သတ်ခံရမှာပဲ ။ သူ့အတွက် ရွေးစရာလမ်းမရှိတော့ပါဘူး။

နောက်ဆုံးတော့ အလီဟာ အရဲစွန့်ပြီး ရွာခံတွေဆီကို အကူအညီဝင်တောင်းဖို့ ဆုံးဖြတ်ခဲ့ရတယ်။ သူတွေ့ခဲ့တာက စိတ်သဘောထားကောင်းမွန်တဲ့ ဆွန်နီ မွတ်ဆလင်ဘာသာဝင် မိသားစုတစ်ခုပါ။ အဲ့ဒီအိမ်မှာ သုံးရက်လောက်နေပြီးတော့ ISIS တွေက သူရှိနေတာကို သတင်းရသွားကြတယ်။

သုံးရက်မြောက်ညမှာတော့ ဆိုင်ကယ်တွေ ကားတွေနဲ့ အစုလိုက်အပြုံလိုက် လာရှာကြပါပြီ။ သူတို့က အလီရှိနေတာသိပေမယ့် ဘယ်အိမ်ဆိုတာတော့ မသိခဲ့ကြဘူး။

ရှာဖွေရေးသမားတွေ လက်လျော့ပြီးပြန်သွားလို့ နောက်တစ်နေ့မနက်မှာတော့ ဆွန်နီမိသားစုဟာ အလီကို အနီးအနားက အယ်လ်အလမ် မြို့ဆီကို ပို့ပေးခဲ့ကြတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မူ့တွေဖြစ်ခဲ့တဲ့နေ့ကစလို့ သုံးပတ်မြောက်မှာတော့ အလီဟာသူ့မိသားစုနဲ့ ပြန်လည်ဆုံဆည်းခဲ့ ရပါတော့တယ်။

No comments:

Post a Comment